မတ်နှင့် ဧပြီ ၂လတာအတွင်း တိုက်ပွဲ ၄ကြိမ်ဆင်နွှဲခဲ့ရာ စစ်သား ၆၀ကျော်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ယနေ့ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် မတ်လ၃၁ရက်နေ့က ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို ABSDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄၅ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း ABSDF စစ်ဒေသ(၁)စစ်ကြောင်း(၃)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲက အားလုံးက ၄ကြိမ်။ ရက်တွေတော့ မတူဘူး။ စစ်တပ်ဘက်က ၆၁ဦးထပ်မနည်း သေဆုံးတယ်။ ဧပြီ ၇ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို ဒီနေ့ ထုတ်ပြန်လိုက်တာပါ”ဟု ၎င်းက ပြောသည်။
ABSDFပူးပေါင်းတပ်ဖွဲ့သည် ဧပြီ၃ရက်နေ့က ဂန့်ဂေါမြို့၊ မေတ္တာမြစ်ရိုးအတိုင်း စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့သလို ဧပြီ(၅)ရက်နေ့ကလည်း ပုလဲမြို့နယ် ၊ဇီဖြူကုန်းရွာအနီးရှိ ကန်ဒေါင့်ရဲစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကို တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ထို့အပြင် ဧပြီ၇ရက်နေ့ကလည်း ဂန့်ဂေါမြို့ အခြေစိုက် ခလရ (၅၀)တပ်ရင်းက စစ်သားအင်အား ၁၀၀ပါ စစ်ကြောင်းကို လာပို့ကျေးရွာအနီး တိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးထပ်မနည်း သေဆုံးခဲ့ကြောင်းလည်း ယနေ့ ထုတ်ပြန်ထားသည်။
“ဒီတိုက်ပွဲတွေမှာ စစ်သားတွေသေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ G3သေနတ်(၄)လက်၊ G4သေနတ်(၃)လက်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်”ဟု ၄◌င်းက ပြောသည်။
စစ်သားများသေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်၍ MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
လက်ရှိတွင် ABSDFတပ်ဖွဲ့သည် ယောဒေသ၊ ချင်းတွင်းဒေသ၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက် PDFတပ်ရင်းများ၊ Local PDFများ၊ ပကဖများနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်လျက်ရှိသည်။
တည်းဖြတ်-ML