စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့အဝင်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၂၄ တပ်ရင်း ဓားမဆိုင်းတပ်မတော် ကထုတ်ပြန်သည်။
ဧပြီလ ၂၅ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မုံရွာမြို့မှထွက်ခွာလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဆားလင်းကြီးမြို့အဝင်၌ ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မုံရွာကနေလာတဲ့ စစ်ကြောင်းကို ကျနော်တို့ တပ်ခွဲ ၄ ကအသင့်စောင့်ပြီး မြို့အဝင်မှာမိုင်းဆွဲတာ။မိုင်းဆွဲတဲ့ ရဲဘော်လေးမျက်မြင်ပြောချက်အရ ၄ ယောက်လဲကျသွားတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်”ဟုဓားမဆိုင်းတပ်မတော်၏အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်ထွဋ်ခေါင် ကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်သားများက လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆားလင်းကြီးမြို့မရဲစခန်းသို့ ဝင်သွားကြောင်းသိရသည်။
မိုင်းထိသေဆုံးသည့်စစ်သားအလောင်းများကို ဆားလင်းကြီးမြို့မရဲစခန်းအနောက်တွင် မီးရှို့ခဲ့ကြောင်းသိရသည်။
စစ်သားများသေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။