စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့တိုက်နယ်အတွင်းစစ်ဘေးရှောင်ကလေးငယ်တစ်ဦး မြွေဆိုးအကိုက်ခံရပြီးသေဆုံးသွားကြောင်းသိရသည်။
ဧပြီလ ၁၅ ရက်နေ့တွင် ဝက်သအင်းကျေးရွာမှ အသက် ၈ နှစ်အရွယ် မောင်မိုးဟိန်းသည် မိသားစုနှင့်အတူစစ်ဘေးရှောင်နေရင်း ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေကိုက်ခံရခြင်းဖြစ်ပြီး ဧပြီ ၁၇ရက်၌ သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုရှားသူများအဖွဲ့က ထုတ်ပြန်သည်။
“မြေပြင်ကျန်းမာရေးအဖွဲ့တွေ ချိတ်ဆက်လုပ်ဆောင်ကြတာပါ။အကိုက်ခံရစဥ်မှာ ကိုးတောင်ဘို့မြေပြင်အဖွဲ့က BPI မြွေဆိပ်ဖြေဆေး ၂ လုံးထိုးပေးပြီး ကောလင်းမြေပြင်အဖွဲ့ကို လွှဲပေးလိုက်တာ။ကောလင်းအဖွဲ့ကလည်း မြွေဆိပ်ဖြေဆေး ၆ လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး ၁ လုံးထိုးပေးပြီး အရေးပေါ်ကုသပေမဲ့လည်း ကလေးကဆုံးသွားတယ်။မြွေဆိပ်ဖြေဆေး က တစ်ခါထိုးရင် အနည်းဆုံး ၃ လုံးကနေ ၁၀ လုံးထိထိုးပေးရတယ်။လူနာအခြေအနေပေါ်မူတည်တယ်။မြွေဆိပ်ဖြေဆေး အမြဲလုံလောက်တယ်လို့မရှိပါဘူး”ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖေဖော်ဝါရီလ၌ ကန့်ဘလူခရိုင်အတွင်း စစ်ရှောင်၃ဦးနှင့် မတ်လတွင်စစ်ရှောင် ၁ဦး မြွေဆိုးအကိုက်ခံ ခဲ့ရသော်လည်း အချိန်မီ ကုသပေးနိုင်ခဲ့၍ အသက်မသေခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ကထုတ်ပြန်ထားတယ်။