စစ်ကောင်စီ တပ်သည် ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်ကြီးကျောင်းတွင် ခိုလှုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းကို KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်ကြီးကျောင်းအတွင်း စစ်ကောင်စီ၏လက်ချက်ဖြင့် သေဆုံးနေသည့် အလောင်း ၂၈လောင်းကို KNDFတပ်ဖွဲ့ မှ ယနေ့သယ်ထုတ်နိုင်ခဲ့ကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့၊ ညနေခင်း ၄ နာရီဝန်းကျင်ခန့်က ပင်လောင်မြို့နယ်၊နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသည့် ကျေးရွာသား ၃၀ဦးနဲ့ ဘုန်းကြီး ၃ပါးကို ခိုအောင်းနေတဲ့နေရာကနေ ထွက်ခိုင်းပြီး ကျောင်းတော် နံရံဘက်ရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်သွားတာ။အဲ့လိုဝင်တဲ့အချိန် ကျွန်တော်တို့တွေ့လိုက်ပေမယ့် စစ်ခွေးတွေအင်အားများလို့ မနေ့က ဝင်ပြီး မကူညီလိုက်နိုင်ဘူး” ဟု KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယနေ့ မတ်လ ၁၂ရက်နေ့ နေ့လည် ၁၂နာရီခန့်က KNDFနှင့် မဟာမိတ်တပ်ပေါင်းစုများသည် ပင်လောင်မြို့နယ်၊နမ်းနှိမ်ကျေးရွာ အတွင်းသို့ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်မှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဘုန်းကြီး ၃ပါးအပါအဝင် အလောင်း ၂၈လောင်းကို ဘေးကင်းလုံခြုံရာသို့ သယ်ထုတ်ပေးခဲ့ကြောင်း ၎င်းက အတည်ပြုသည်။
“ သက်ဆိုင်ရာ ရဲဌာန နဲ့ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမယ်။ပျောက်နေတဲ့သူ ၃၀ဦးမှာ အလောင်းက ၂၈လောင်းပဲတွေ့တော့ ငါးဦးက ပျောက်နေသေးတယ်။ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ်။ကျန်တာကိုတော့ အသေးစိတ်ပြောမရသေးဘူး။အလောင်းတွေကို သဂြိုလ်ဖို့က သက်ဆိုင်ရာမိသားစုကို လုံခြုံတဲ့နေရာမှာ သူတို့ဘာသာအရလုပ်နိုင်အောင် စီစဉ်ပေးသွားမှာပါ။ဒီလောက်ပါပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းများကို KNDF, KA, ရှမ်းတောင် PDF, PDF ဖယ်ခုံ၊ PDF မိုးဗြဲ နှင့် လာရောက်ကူညီပေးနေသည့် DMO PDF တို့မှ တန်ပြန်စစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ပြည်သူများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်သွားသည့် စစ်ကောင်စီ တပ်အားအရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။