စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သော ရက်ကန်းရွာအချို့မှာ ဘိုးစဉ် ဘောင်ဆက် ကြွယ်ဝချမ်းသာကြသဖြင့် ပျက်စီးဆုံးရှုံးမှုကို ခန့်မှန်း၍ မရအောင်ပင်များကြောင်း ဒေသခံများထံက သိရသည်။
ဖေဖေါ်ဝါရီ ၁၂ ရက်၊ ၁၄ရက် နှင့်၂၀ရက်တို့တွင် မီးရှို့ဖျက်ဆီးခံရသော ကျောက်မြင့်၊ တင့်တယ်၊ ပန်းလှိုင်၊ ထူးကြီးနှင့် တယ်ပင်ရွာတို့မှာ ရက်ကန်းလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ကွမ်းခြံလုပ်ငန်းတို့ လုပ်ကိုင်ကြပြီး ယင်းတို့အနက် တင့်တယ်ရွာမှာ ဘိုးစဉ်ဘောင်ဆက် ချမ်းသာကြကြောင်း ဒေသခံ CDM ဆရာမတစ်ဦးက ပြောသည်။
“တင့်တယ်ရွာမှာ အိမ်၇၀၀ ဝန်းကျင်ရှိတယ်။ အခုရွာမကြီးက အိမ်ခြေ ၅၀၀ ကျော်လောက်ကို မီးရှို့ တာ အိမ်၂၀ လောက်ပဲ ကျန်တော့တယ်။ တင့်တယ်ရွာက တိုက်ကြီးတာကြီးတွေက ဟိုးအရင်ကတည်းက အကြီးကြီးတွေ။ အိမ်တိုင်းမှာ စက်ရက်ကန်းစင်ရှိတယ်။ တချို့အိမ်ဆို တစ်အိမ်တည်းနဲ့ စက်ရက်ကန်းစင် လေး၊ ငါး၊ ဆယ်စင်ရှိတယ်။
အစင် ၂၀ လောက်ရှိတဲ့ အိမ်လည်းရှိတယ်”ဟု၎င်းကပြော သည်။
တင့်တယ်ရွာသားများမှာ လယ်ယာပိုင်ဆိုင်မှုလည်းများပြီး အိမ်တိုင်းတွင် ကျပ်သိန်း၅၀၀ခန့်တန်ဖိုးရှိသော စပါးရိတ်စက်များ ပိုင်ဆိုင်ကြကာ ယခု ယင်းစပါးရိတ်စက်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်တပ်မီးရှို့လို့ အိမ်တွေမှာ လှောင်ထားတဲ့ စပါးတင်း သိန်းနဲ့ချီ ပျက်စီးသွားတယ်။ စပါးတွေရော ရက်ကန်းစင်တွေရော အိမ်ကြီးအိမ်ကောင်းတွေရော မီးလောင်ကုန်တာ”ဟု ၎င်းကဆက် လက်ပြောသည်။
လက်ရက်ကန်းအများစုရှိသည့် ပန်းလှိုင်ရွာကို ဖေဖေါ်ဝါရီ၁၄ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က၅နေရာခွဲ၍ မီး ရှို့ခဲ့ရာ တစ်ရွာလုံးပြာကျခဲ့သည်။
“တင့်တယ်ပြီးရင် ပန်းလှိုင်ရွာဆိုတာလည်း ချမ်းသာတာပဲ။ အကုန်လုံးပြာကျသွားတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့ အချိန်ထိ ရွှေဘိုမြို့နယ်အတွင်းရှိ လတ်တလော မီးရှို့ခံထားရသောရွာများမှာ စစ်ရှောင်နေရဆဲ ဖြစ်၍ မီးရှို့ခံရသည့် ရက်ကန်းစင်နှင့် ပျက်စီးဆုံးရှုံးမှုကို အတိအကျမပြောနိုင်သေးကြောင်း ရွှေဘို မြို့နယ်အတွင်းရှိ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
“ဘယ်သူ့အိမ်က ရက်ကန်းဘယ်နှစ်စင်ပါသွားသလဲ အတိအကျမသိရသေးဘူး။ဆုံးရှုံးမှုက ခန့်မှန်းလို့ မရအောင်များလွန်းတယ်”ဟု ၎င်းကပြောသည်။
ဖေဖေါ်ဝါရီ၁၂ရက်နေ့တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သော ကျောက်မြင့်နှင့်တင့်တယ်ရွာ၊ဖေဖေါ်ဝါရီ၁၄ရက်တွင် ပန်းလှိုင်ရွာနှင့် ဖေဖေါ်ဝါရီ၂၀ရက်နေ့တွင် ထူးကြီးနှင့်တယ်ပင်ရွာတို့ကို စစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဝါးရုံကန်၊ရေတော်မူ၊ဂုဏ်တန်နှင့် ကန်သာရွာတို့လည်း ယခုရက်ပိုင်းအတွင်း မီး ရှို့ခံခဲ့ရကြောင်းသိရသည်။