စစ်ကောင်စီသည် မြန်မာပြည်သူများကိုသတ်ဖြတ်ရုံတင်မက ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ဖျက် ဆီးပစ်နေကြောင်း ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်း ရက်ကန်းစင်များရှိသည့် ရွာ၅ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းအပေါ် ၎င်းက အထက်ပါအတိုင်းမှတ်ချက်ပြုခြင်းဖြစ်သည်။
“ရက်ကန်းဆိုတာ မြန်မာတွေရဲ့ အင်မတန်ရှေးကျတဲ့ ရိုးရာယဉ်ကျေးမှု လက်မှုလုပ်ငန်းပါ။ အမျိုး ဘာသာသာသနာ ပါးစပ်ဖျားးကမချတဲ့ကောင်တွေက အခုရက်ကန်းစင်တွေ မီးရှို့ဖျက်ဆီးထားတာ မြင်မကောင်းဘူး။မင်းအောင်လှိုင်က ပြည်သူတင်သတ်ရုံမကဘူး။၊ယဉ်ကျေးမှုကိုပါ သတ်နေတာ “ဟု ၎င်းကပြောသည်။
ရွှေဘိုမြို့နယ်အတွင်း ရွာလုံးကျွတ်နီးပါး ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြသော ကျောက်မြင့်၊တင့်တယ်၊ ပန်းလှိုင်၊ထူးကြီးနှင့် တယ်ပင်ရွာတို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီ၁၂ရက်နေ့တွင် ကျောက်မြင့်နှင့်တင့်တယ်ရွာ၊ဖေဖေါ်ဝါရီ၁၄ရက်တွင် ပန်းလှိုင်ရွာနှင့် ဖေဖေါ်ဝါရီ၂၀ရက်နေ့တွင် ထူးကြီးနှင့်တယ်ပင်ရွာတို့ကို စစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ယင်းရွာ များအနီးနေထိုင်သူ တစ်ဦးကပြောသည်။
“ကျမတို့ဆိပ်ခွန်ကျေးရွာအုပ်စုက ရွာတွေပေါ့။အဲဒီ၅ရွာစလုံးမှာ စက်ရက်ကန်းတွေများတယ်။လက်ရက်ကန်းလည်း ရှိတော့ရှိတယ်။အခုတော်တော်ကုန်သွားပြီ။စခ တွေ မီးရှို့ခဲ့တာ”ဟု ၎င်းကပြောသည်။
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ထူးကြီးရွာအတွင်းရှိ ရက်ကန်းစင်များ မီးရှို့ဖျက်ဆီးခံရသည့်ပုံများကို ဖော်ပြခဲ့ရာ အဆိုးရွားဆုံးဖျက်ဆီးခံထားရကြောင်း တွေ့ရသည်။
ထူးကြီးရွာအတွင်းရှိ စက်ရက်ကန်းနှင့်လက်ရက်ကန်းစင် ၁၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တယ် ပင်ရွာက မီးရှို့ခံရသည့် ရက်ကန်းစင်ပိုများနိုင်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။
“တယ်ပင်က စက်ရက်ကန်းစင်ပိုများတယ်။ပြည်သူတွေ ဘဝ နာလန်မထူနိုင်အောင်ရည်ရွယ်ပြီး တော့ဖျက်ဆီးပစ်ခဲ့တာ”ဟု ၎င်းကပြောသည်။
ယင်းရွာ၅ရွာအပြင် ဝါးရုံကန်၊ရေတော်မူ၊ဂုဏ်တန်နှင့် ကန်သာရွာတို့လည်း ယခုရက်ပိုင်းအတွင်း မီး ရှို့ခံခဲ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။