တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် KNDO လွတ်မြောက်နယ်မြေအား လောင်စာဆီရောင်းချခွင့် ပိတ်ထားကြောင်း ယင်းဒေသအတွင်းရှိ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်က PDF များတပ်စွဲထားသည့် ရှပ်ပုံကျေးရွာအား သိမ်းပိုက်ကာ ပုလောမြို့ပြင်ရပ်ကွက်များကို လောင်စာဆီ တင်သွင်းရောင်းချဝယ်ယူခွင့် မပြုတော့ကြောင်း PRDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
“ စစ်တပ်က စပြီးယုတ်မာလာတာပါ။ ပုလောမြို့ထဲမှာပဲ လောင်စာဆီ ရောင်းခွင့်ပြုတော့တယ်။ ပုလောမြို့ပြင်က ရွာအချို့နဲ့ KNDO အုပ်ချုပ်တဲ့ လွတ်မြောက်နယ်မြေထဲကို ဓာတ်ဆီ၊ ဒီဇယ်ဆီအပါအဝင် အခြားလောင်စာဆီတွေ တင်သွင်းခွင့်မပေးတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။
အထက်ပါ လောင်စာဆီတင်သွင်းမှုနှင့် ရောင်းချ၊ဝယ်ယူခွင့်တို့ ပိတ်ပင်လိုက်သည့်အတွက် KNDO အုပ်ချူပ်သည့် ဆားခဲရွာ၊ ဒူးရင်းပင်ရှောင်ရွာတို့မှ ရွာသူရွာသားများ ဆိုင်ကယ်မောင်းနှင်ရန်နှင့် မီးစက်ဖွင့်ရန်တို့ မပြုလုပ်နိုင်တော့ဘဲ များစွာ အခက်အခဲဖြစ်နေကြောင်း KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းက ပြောသည်။
“ ခွေးတွေက ၂၁ ရက်နေ့ကစပြီး ပိတ်တယ်။ ကြေညာပေမယ့် ၂၄ ရက် ၂၅ ရက်လောက်မှ စပြီးဒုက္ခရောက်တာ။ ဒီလို ဖြတ်လေးဖြတ်ကြုံရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြိုတွက်ထားလို့ အဆင်တော့ပြေပါသေးတယ်။ ဝယ်ရ ပင်ပန်းတာပေါ့” ဟု ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများဖြစ်သည့် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြေညာခဲ့သည်။