စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပျူစောထီးထောင်ထားသည့် မိုင်း ပြည်သူ ၅ ဦး ထိမှန်ကာ ၁ ဦး အသက်အန္တရာယ်စိုးရိမ်ရ အခြေအနေရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ရွာတွင် ယနေ့နံနက်အစောပိုင်းက ပြည်သူ ၅ ဦး မိုင်းထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းများ ဖော်ပြနေသည့် Infinity Group က ထုတ်ပြန်သည်။
ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှနေ၍ ဆိုင်ကယ်ဖြင့် ဈေးလာရောင်းသူ ဈေးသည်လင်မယား နှင့် ညောင်ဇင်ရွာသား ၃ ဦးတို့မှာ ယနေ့နံနက်အစောပိုင်းတွင် ညောင်ဇင်ရွာ အဝင်အထွက်လမ်းများ၌ မိုင်းထိမှန်ခဲ့ခြင်း ဖြစ်သည်။
“ညောင်ဇင်ရွာဆိုတာ ပျူစောထီးတွေ တော်တော်ရှိတဲ့ရွာပါ။ အခုလို ရွာအဝင်အထွက်မှာ မိုင်းထောင်တဲ့အောက်တန်း ကျတဲ့လုပ်ရပ်ကို ပျူတွေပဲလုပ်တယ်ဆိုတာ ကျနော်တို့ တစ်နယ်လုံးသိကြပါတယ်။ အဓိကကတော့ PDF သူတို့ကို လာတိုက်မှာ သေအောင်ကြောက်ပြီး မိုင်းလျှောက်ထောင်တာ”ဟု ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာသား စစ်ရှောင်တစ်ဦးကပြောသည်။
မိုင်းပေါက်ကွဲပြီးနောက် သေနတ်သံများလည်း ထွက်ပေါ်လာကြောင်း ညောင်ဇင်ရွာသားတစ်ဦးက ပြောကြောင်း Infinity Group ကဆိုသည်။
“အခုက ရွာထဲကနေ ရွာပြင်ထွက်ရမှာတောင် ကြောက်နေရပြီ ” ဟု ၎င်းကဆိုသည်။ ရွာအနီးနားနေရာအများစုတွင် ယခုကဲ့သို့ မိုင်းထောင်ထားခြင်းမှာ နယ်ခံပျူစောထီးများ၏လုပ်ရပ်ဟု ဒေသခံများက အခိုင်အမာပြောဆိုနေကြကြောင်း Infinity Group က ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ၄င်းတို့ထောင်ထားသည့် မိုင်းကြောင့် လယ်တောသွားသည့် ပြည်သူတဦးနှင့်နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။