အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား PDF နှင့် ပကဖများ ဝင်ရောက်ဖြေဆိုရန် ပြင်ဆင်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ် ၃ သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ရက်စွဲဖြင့် NUG မှ ပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စစ်ဒေသခွဲအမှတ် (၃) အတွင်းရှိ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုရန်အတွက် ပြင်ဆင်နေကြကြောင်း ဖော်ပြထားသည်။
NUG ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့်သူများကို စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ အနီးကပ်သင်ကြား ပို့ချလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သင်ကြားပေးသူများက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေကြသည့် ဒေသခံပြည်သူများနှင့် ရဲဘော်၊ ရဲမေများကို တစ်ပတ်ခုနှစ်ရက်ဖြင့် တစ်နေ့လျှင် ၂ နာရီခန့် စာသင်ကြားပေးနေပြီး တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်၊ ရဲမေများကို အချိန်ပိုများယူကာ သင်ကြားပေးလျက်ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တော်လှန်ရေးကာလအတွင်း ပညာသင်ယူခွင့်အခွင့်အလမ်းနှင့် ပညာသင်ယူရာတွင် No Discrimination -ခွဲခြားဆက်ဆံခံရမှု မရှိစေရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများအတွင်းရှိ ရဲဘော်များကို ဂရုတစိုက်စောင့်ကြည့်ပြီး သင့်လျော်မှန်ကန်သော စီမံအုပ်ချုပ်မှုများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ လူငယ်များ ရသင့်ရထိုက်သော အခွင့်အရေးများအား တော်လှန်ရေးကာလအတွင်း မဆုံးရှုံးစေရန်အတွက် ဆောင်ရွက်လျက်ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားသည်။