တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ကိုယ်စားလှယ်များပါဝင်မှုဖြင့် ဖွဲ့စည်းထားသော တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီ (Anti-Sham Election Joint Working Committee) သည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ ၊ သပိတ်အင်အားစုများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် ပူးပေါင်းလုပ်ငန်းကော်မတီအနေဖြင့် NUCC က အတည်ပြုထားသော တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် ပူးတွဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပြီး NLD ဗဟိုအလုပ်ကော်မတီ နှင့် သပိတ်အင်အားစုများကလည်း တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များကို မျှဝေဆွေးနွေးခဲ့ကြကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးချမှတ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်သည်။
တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို မဲစာရင်း စတင်ကောက်ခံသည့်ဇန်နဝါရီ ၉ ရက်နေ့ မတိုင်ခင်ကတည်းက ချမှတ်ထားရမည်ဖြစ်ပြီး ဆန့်ကျင်ရေးလုပ်ငန်းစဉ်များသည် စစ်ရေးဆောင်ရွက် ချက်များပါ ပါဝင်ရန်လို ကြောင်း ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
“တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီဆိုတာ အခုမှ ကောက်ခါငင်ကာဖွဲ့ လိုက်တယ်လို့ထင်ပါတယ်။ပြောရရင်နောက်ကျနေပေမဲ့ ဘာပဲဖြစ်ဖြစ် အချိန်မီသေးတယ်လို့ပဲ ဖြည့် တွေးရမှာပေါ့။သေချာတာတစ်ခုကတော့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ငန်းစဉ်မှာ စစ်ရေးနည်းလမ်း မပါလို့မဖြစ်ပါဘူး။ ဘက်စုံတိုက်ရပါမယ်။ မြို့နယ်အလိုက် ခရိုင်အလိုက် ရွေးကောက်ပွဲကိုပစ်မှတ်ထား တိုက်ပွဲတွေ ဖော်ဆောင်ဖို့လိုမယ်”ဟု ၎င်းကပြောသည်။
ပူးပေါင်းလုပ်ငန်းကော်မတီက တင်ပြဆွေးနွေးခဲ့သော ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ပူးတွဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် သတင်းစကားများ၊ ပြည်တွင်းနှင့် ပြည်ပ လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်ရေးမူများပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။
ပူးပေါင်းလုပ်ငန်းကော်မတီသည် ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသည့် အခြားသော မိတ်ဖက်အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။