ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း မြန်မာစစ်တပ်မှ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုများထဲက တစ်ခုဖြစ်သည့် ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်သည့် အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်သည်။
အဆိုပါ ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဥက္ကဋ္ဌတာဝန်ပေးအပ်ထားသော ဗိုလ်ချုပ်မြတ်ကျော်သည် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးဖြစ်သဖြင့် ယခုကဲ့သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီလ ၂၄ ရက်၊ ယနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာများတွင် ဖော်ပြထားသည်။
” အဲဒီလို ပြင်ဆင်ဖွဲ့စည်းရင်လည်း ဘာမှ ထူးလာမှာမဟုတ်ပါဘူး။ အဲဒီနေရာမှာ ကျေးရွာနေရာဟောင်းတောင် မရှိတော့ဘူး။ စုံစမ်းစစ်ဆေးရင်လည်း ထိရောက်မှာ မဟုတ်ပါဘူး။ အဓိက နိုင်ငံတကာမှ အရေးယူရပါမယ်” ဟု ထိုကျေးရွာအနီးရှိ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထို အထူးစုံစမ်းစစ်ဆေးရေးခုံရုံးကို ပြင်ဆင်ဖွဲ့စည်းရာတွင် ယခင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော်နေရာတွင် ဗိုလ်မှူးချုပ်စိုးတင့်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပြီး ဗိုလ်မှူးကြီးသန်းလှိုင်နှင့် ဗိုလ်မှူးကြီးမျိုးအောင်တို့က အဖွဲ့ဝင်အဖြစ် တာဝန်ပေးပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ထိုအဖွဲ့သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်တွင် ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် မောင်နုကျေးရွာဖြစ်စဉ်များနှင့် ပတ်သက်သည့် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေးအတွက် ဗိုလ်ချုပ်မြတ်ကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့တစ်ခု ဖြစ်သည်။
” ပထမ စဖွဲ့တုန်းကတော့ ဘူးသီးတောင်ကို ရောက်လာကြပြီး မေးမြန်းတာတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာမှမထူးလာပါဘူး။ ဟန်ပြလာစစ်ပြလုပ်ပြရုံပါပဲ” ဟု ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။
ထို ထုတ်ပြန်ချက်တွင် ” အထူးစုံစမ်းစစ် ဆေးရေးခုံရုံးအဖွဲ့အနေဖြင့် မောင်နုကျေးရွာဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်တွင် ပါဝင်သော အရပ်သားများသည် ချွတ်ပြင်ကျေးရွာတွင် လည်းကောင်း၊ အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်းကောင်း နေထိုင်မှု မရှိတော့ခြင်း၊ ကိုဗစ်ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် သွားလာမှုကန့်သတ် ထိန်းချုပ်ထားရှိခြင်းတို့ကြောင့် ယာယီ အမှု ပိတ်သိမ်းခဲ့ပါသည်” ဟု ဖော်ပြထားသည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်သုံးခုရှိ ရိုဟင်ဂျာလူမျိုးများကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ညမှ စတင်ပြီး မြန်မာစစ်တပ်မှ အကြမ်းဖက် သတ်ဖြတ်မီးရှို့ခဲ့သဖြင့် ရိုဟင်ဂျာလူမျိုးသောင်းနှင့်ချီပြီး သေဆုံးခဲ့ကြရသည်။
ထို့အပြင် ထိုဒေသမှ ရိုဟင်ဂျာခုနှစ်သိန်းနီးပါးလည်း တစ်ဘက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ အသက်လုထွက်ပြေးခဲ့ကြရပြီး ယခုအချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘဲ ရှိနေကြသည်။
ထို ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သဖြင့် မြန်မာစစ်တပ်ကို နိုင်ငံတကာတွင် တရားစွဲဆိုထားသည်။