စစ်ကောင်စီ၏ ဟန်ပြရွေးကောက်ပွဲအပါအဝင် ညှိနှိုင်းမှုကိစ္စရပ်များအားလုံးကို ဆန့်ကျင်သွားမည်ဟု ကျေးလက်သူပုန်က ယနေ့ထုတ်ပြန်လိုက်သည်။
ကျေးလက်သူပုန်သည် စစ်ကိုင်းတိုင်း၊ယင်းမာပင်နှင့်ကနီမြို့နယ်တို့တွင် သပိတ်တိုက်ပွဲဝင်နေ သည့်လူငယ်အဖွဲ့အစည်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်အတွင်းရှိ ဈေးတစ်ဈေး၌ ဆန္ဒပြအပြီး ကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါအတိုင်းဖော်ပြထားသည်။
“ကျွန်တော်တို့ တော်လှန်လူထုအနေနဲ့ စစ်အုပ်စုရဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေကို ဘယ်လိုဘယ်အခါမျိုးမှာမှ လက်ခံပေးလို့မရပါဘူး။ စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲအပါအဝင် ကျန်တဲ့ညှိနှိုင်းမှုကိစ္စရပ်များအာလုံးကို ကျွန်တော်တို့တွေဆန့်ကျင်ကြရမှာဖြစ်တယ်။ အမှန်တကယ် လွတ်လပ်ချင်သူတိုင်း အကြောက်တရားနည်းစွာနဲ့ စင်စစ်တော်လှန်ရေးကိုဆင်နွှဲကြရမှာပါ”ဟု ကျေး လက်သူပုန်က ဆိုသည်။
ယနေ့နံနက်အစောပိုင်းတွင် ကျေးလက်သူပုန်လူငယ်များသည် ယင်းမာပင်မြို့နယ်အတွင်းရှိ စျေးတဈေး၌ စျေးသူစျေးသားများ၏ ပူးပေါင်းမှုဖြင့် “ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာသား ကိုကိုင်စွဲကာ ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။
“စစ်အုပ်စုက တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးပါ ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားက သူတို့လုပ်ချင်နေတဲ့ ၂၀၂၃ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံမှုတွေ လုပ်နေပါပြီ။ဒါဟာ အခုထက်ပိုပြီးထိရောက်တဲ့ တိုက်ပွဲတွေ၊ ကန့်ကွက်မှုတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေ လိုအပ်နေပြီလို့ ဖော်ပြနေတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
ရွေးကေက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းကပါ အတည်ပြုထားသည့် မြန်မာ့အရေးအာဆီယံမူ၅ရပ်ကိုရော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကိုပါ ပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်ခြင်းလည်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။