ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မယူတောင်ထဲသို့ ဝါးခုတ်ရန်သွားသည့် ကျေးရွာသားနှစ်ဦးမှာ သတ်ဖြတ်ခံရသည်ဟု ကျေးရွာသားများက အတည်ပြုပြောကြသည်။
အဆိုပါ မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာမှ အသက် (၂၈) နှစ်အရွယ်၊ ဦးသိန်းထွန်းနှင့် အသက် (၃၆) နှစ်အရွယ်၊ ဦးဘသန်းတို့သည့် ဒီဇင်ဘာလ ၁၈ ရက်၊ ယမန်နေ့က ကျေးရွာအရှေ့ဘက်ရှိ မယူတောင်ထဲသို့ ဝါးခုတ်သွားစဥ် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
သူတို့ နှစ်ဦးကို ဒီဇင်ဘာလ ၁၉ ရက်၊ ယနေ့လိုက်ရှာကြစဥ် မယူတောင်ခြေအနီးတွင် သတ်ဖြတ်မြေမြုပ်ထားသည့် အလောင်းများကို ပြန်ရှာတွေ့သည်ဟု သွားရောက်ရှာဖွေခဲ့ကြသူများက ဆိုသည်။
” ဓါးဒဏ်ရာတွေ၊ လည်ပင်းလှီးထားတဲ့ဒဏ်ရာတွေနဲ့ ပြန်တွေ့ပါတယ်။ သတ်ပြီး မြေမြုပ်ထားတာပါ” ဟု သွားရောက်ရှာဖွေခဲ့သူတစ်ဦးက MPA သို့ ပြောသည်။
ထို သတ်ဖြတ်မြေမြုပ်ခံထားရသည့် အနီးပတ်ဝန်းကျင်တွင် စခန်းချနေထိုင်ခဲ့ကြသည့် အထောက်အထားများကို တွေ့ရသည်ဟုလည်း သွားရောက်ရှာဖွေခဲ့ကြသူများက ဆိုသည်။
ထိုနေရာမှာ ကျေးရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး မယူတောင်နှင့်ပိုနီးသဖြင့် လက်နက်ကိုင်ဆောင်ထားသူများ စခန်းချနေထိုင်ခဲ့ခြင်းဖြစ်ပြီး သူတို့နှစ်ဦးကို တွေ့မြင်ဖမ်းဆီးသတ်ဖြတ် မြေမြုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်း ရွာသားများက ဆိုကြသည်။
” ဒီနေ့မနက် အစောကြီးကတည်းက လိုက်ရှာခဲ့ကြတာပါ။ ပထမဆုံးတောင်ကျ ချောင်းထဲကနေ ဖိနပ်နှစ်ရံကို ပြန်တွေ့ပါတယ်။ နောက်မှမြေမြုပ်ထားတာကိုတွေ့တာပါ။ အဖွဲ့တစ်ခုခုက စခန်းချနေ ထိုင်ခဲ့တာနဲ့တူပါတယ်။ စခန်းနေရာလိုပါပဲ” ဟု သွားရောက်ရှာဖွေခဲ့သူတစ်ဦးက MPA သို့ ပြောသည်။
ထို ရွှေတောင်ကျေးရွာမှာ မြိုလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး မောင်တောမြောက်ပိုင်း၊ လေးမိုင်ကျီးကန်းပြင်သွားလမ်း အရှေ့ဘက်တွင် တည်ရှိသည်ဟု ဒေသခံများက ဆိုကြသည်။
ထို ကျေးရွာသို့သွားသည့် လမ်းနှင့် ထိုကျေးရွာအနီးအနားတွင် စစ်ကောင်စီ၏ နယ်ခြားစောင့်ကင်းစခန်းများ၊ တပ်ရင်းများနှင့် စစ်ကောင်စီ၏ စစ်သားအများအပြားလည်း စစ်ရေးလှုပ်ရှားမှုရှိနေသည်ဟုလည်း ဒေသခံများက ဆိုကြသည်။
ထို ကျေးရွာသည် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် အသစ်တည်ဆောက်နေထိုင်နေကြခြင်းဖြစ်ပြီး ထို မြေနေရာအချို့မှာ ရိုဟင်ဂျာကျေးရွာသားများ ပိုင်သည့် မြေယာဖြစ်ကာ ဒေသအာဏာပိုင်များ၏ သဘောတူနားလည်မှုဖြင့် တည်ဆောက်နေထိုင်နေကြခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ရိုဟင်ဂျာများက ဆိုကြသည်။
ရခိုင်တွင် ရုတ်တရက်ယာယီအပစ်ရပ်ထားသည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး စစ်ရေးတင်းမာမှုများ မြင့်တက်ခဲ့ကြသော်လည်း ယခုသတ်ဖြတ်မြေမြုပ်ခံလိုက်ရသည့်နေရာမှာ အေအေဘက်က ထိန်းချုပ်လှုပ်ရှားနယ်မြေမဟုတ်ကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညကလည်း မောင်တောမြို့နယ်တောင်ပိုင်း၊ နွားခြံတစ်ခုတွင် စောင့်အိပ်နေကြသည့် ရိုဟင်ဂျာတစ်ဦးနှင့် ရခိုင်တစ်ဦးကိုလည်း အမည်မသိလူတစ်စုက ဓါးဖြင့်ခုတ်ခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့သည်ဟုလည်း မိသားစုဝင်များက ဆိုကြသည်။
ရခိုင်တွင် အပစ်ရပ်ပြီးနောက် မောင်တောမြို့နယ်အတွင်း ဝမ်းစာရှာဖွေစားသောက်နေကြရသည့် ဒေသခံ မရှိဆင်းရဲသားအချို့ ပျောက်ဆုံးခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့ မကြာခဏဖြစ်နေသည်ဟုလည်း ဒေသခံများက ဆိုကြသည်။