အာဏာသိမ်းစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ ဒလက်ချောင်းဒေသအတွင်းသို့ ဆန်အပါအဝင် စားနပ်ရိက္ခာနှင့် စက်သုံးဆီသယ်ယူခွင့်များကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၉ ရက်၊ ယနေ့အထိ ကန့်သတ်ထားကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။
အဆိုပါ ဆက်လက်ကန့်သတ်ထားမှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေးနှင့် ဆေးဝါးကုသရေးများတွင်လည်း အခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း ဆိုကြသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစတင်ပြီး ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ထိုကဲ့သို့ ဆက်လက်ကန့်သတ်တားမြစ်ထားခြင်းဖြစ်သည်။
” ဆန်တွေ၊ စက်သုံးဆီတွေ သယ်ယူခွင့်မပေးဘူး။ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ သယ်လို့မရဘူး။ ဘိလပ်မြေက အစပေါ့” ဟု ဒလက်ချောင်းဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထို ဒလက်ချောင်းဒေသမှာ အမ်းမြို့ နယ်အတွင်း ပါဝင်သော်လည်း ရေလမ်းကြောင်း တစ်ခုတည်းသာရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် စပါးစိုက်ပျိုးရန် လယ်ယာမြေမရှိသည့်အတွက် ဒေသအတွင်း ဆန်စပါးမထွက်သောကြောင့် ဆန်စျေးနှုန်း အဆမတန် မြင့်တက်များပြားနေသည်ဟုလည်း ဒေသခံများက ဆိုကြသည်။
ထို အမ်းမြို့နယ်၊ ဒလက်ချောင်းဒေသအတွင်း ကျေးရွာပေါင်း ၄၂ ရွာရှိပြီး ချင်း၊ ရခိုင်နှင့် အခြားလူမျိုးလူဦးရေ တစ်သောင်းကျော်နေထိုင်နေကြသည်ဟု ဒေသခံများက ပြောကြသည်။
အမ်း-ဒလက်ချောင်းရေလမ်းကို နှစ်ဘက်အပစ်ရပ်လိုက်ပြီးနောက် ပြန်ဖွင့်ပေးသော်လည်း ဆန်၊ စက်သုံးဆီနှင့် ဆေးဝါးသယ်ယူခွင့်များကို ဆက်လက်ကန့်သတ်ထားသဖြင့် လေးသောင်းကျပ်တန် ဆန်တစ်အိတ်ခြောက်သောင်းကျပ်အထိ ပေးဝယ်နေရပြီး အမ်းမြို့ပေါ်တွင် ၂၇၀၀ ကျပ်သာပေးရသည့် ဓါတ်ဆီတစ်လီတာကိုလည်း ၃၅၀၀ ကျပ်အထိ ပေးဝယ်နေကြရသည်ဟု ဒေသခံများက ဆိုကြသည်။
” ဒလက်ချောင်းထဲသို့ စာနပ်ရိက္ခာတွေ လွတ်လွတ်လပ်လပ် သယ်ယူလို့မရတာ အရင်စစ်ဖြစ်ကတည်းကပါ။ ဒီမှာက မရှိဆင်းရဲသားတွေများတော့ အကုန်လုံးက အခက်အခဲတွေအများကြီးပဲ” ဟု ဒလက်ချောင်းဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထို ဒလက်ချောင်းဒေသအတွင်းရှိ ဒေသခံများမှာငါးရှာ၊ ဟင်းခူး၊ သစ်ခုတ်၊ ထင်းခုတ်စသည့် အလုပ်များကိုသာ လုပ်ကိုင်အသက်မွေးကျောင်းကြရပြီး အခြားလုပ်ကိုင်စရာ အလုပ်အကိုင်များ မရှိကြောင်းနှင့် ထိုဒလက်ချောင်းဒေသမှ အမ်းမြို့ပေါ်သို့ သွားရောက်စျေးဝယ်မည်ဆိုလျှင် စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ် ၄ ခုကို ဖြတ်သန်းသွားရပြီး ထိုဂိတ်များမှ ခွင့်မပြုပါက သွားလာခွင့်မရကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ထို အမ်းမြို့နယ်နှင့် ဒလက်ချောင်းဒေသတွင် ၂၀၁၉၊ ၂၀၂၀ ရခိုင်တိုက်ပွဲကာလ ပထမအကြိမ်က ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
ထို့အပြင် ထိုအမ်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိပြီး တပ်ရင်း ၂၈ ခုရှိတည်ရှိကာ စစ်သည်အင်အားတစ်သောင်းကျော်ခန့်ဖြင့် တပ်ဖြန့်လှုပ်ရှားနေသည့်အပြင် ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း နိုဗာဝမ်းစစ်ဒေသချုပ်တည်ရှိပြီး စစ်သည်အင်အား တစ်သောင်းကျော်ဖြင့် တပ်ဖြန့်လှုပ်ရှားကာ စစ်ကောင်စီတပ်နှင့်အပြိုင် ထိန်းချုပ်လှုပ်ရှားနေကြောင်း MPA က စုံစမ်းသိရှိရသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်ကမူ လမ်းပန်းဆက်သွယ်ရေးအားလုံးကို ပြန်ဖွင့်မပေးသည့်အပြင် ဒေသခံပြည်သူလူထု လွတ်လပ်စွာသွားလာခွင့်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များကိုလည်း ဆက်လက်ကန့်သတ်တားမြစ်ထားသဖြင့် ဒေသခံပြည်သူလူထုသိန်းနှင့်ချီပြီး အခက်အခဲများကြုံတွေ့နေရသည်ဟု ဆိုကြသည်။