စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူလူထု အားလုံးနီးပါးဟာ စစ်အာဏာသိမ်းမှုဒဏ်ကို အလူးအလဲ ခံစားကြုံတွေ့ကြရပါတယ်။
မြန်မာပြည်က ရွေးကောက်ခံ ပြည်သူ့အစိုးရရဲ့ နိုင်ငံတော်သမ္မတအပါအဝင် လူပေါင်းသောင်းနဲ့ချီပြီး ဖမ်းဆီးတရားစွဲ ထောင်ဒဏ်တွေ မတရားချမှတ်ခံနေရပါတယ်။
အဲဒီလိုပဲ မြန်မာပြည်ထဲက အနှိမ် အခံရဆုံးနဲ့ လူအခွင့်အရေး ချိုးဖောက်အခံရဆုံး ရိုဟင်ဂျာတွေဟာလည်း မတရားဖမ်းဆီး တရားစွဲထောင်ဒဏ်တွေ ချမှတ်ခံနေကြရပါတယ်။
သူတို့အားလုံးဟာ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ကြသူတွေ မဟုတ်ဘဲ ခရီးသွားလာရင်း မတရားဖမ်းဆီး တရားစွဲထောင်ဒဏ်တွေ ချမှတ်ခံနေကြရတာဖြစ်ပါတယ်။
အဲဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ထဲကနေ တခြားနေရာဒေသတစ်ခုခုကို သွားရောက်ရာမှာသာမက ပြည်နယ်တွင်း သွားလာမှုတွေမှာလည်း အဲဒီလို ဖမ်းဆီးတရားစွဲဆိုခံနေကြရတာဖြစ်တယ်လို့ ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
သူတို့ အဲဒီလိုမျိုး အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေကြရတာ၊ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေကို တားမြစ်ခံထားရတာဟာ ဆယ်နှစ်စုလေးခုထဲသို့ ရောက်နေပြီးလို့လည်း ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
သူတို့ အားလုံးဟာ အမိုးဖွင့်အကျဉ်းထောင်ထဲမှာ မျိုးဆက်တစ်ဆက်စာနီးပါး လူသားဖြစ်တည်ခွင့်တွေကို ဆုံးရှုံးနေကြရတာမို့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်နဲ့ ပတ်ဝန်းကျင်ကောင်းတွေရဖို့ ရေကြည်ရာ မြက်နုရာကို အသက်စွန့် ထွက်ပြေးနေကြရတာလို့လည်း ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
အဲဒီ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှာ အများဆုံး အခြေချနေထိုင်ကြပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံမှာ လူနည်းစု မွတ်စလင်တွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာတော့ ဒုတိယ လူဦးရေ အများဆုံး လူမျိုးလည်းဖြစ်ပေမယ့် တန်းတူအခွင့်အရေးတွေ ဆုံးရှုံးနေကြပြီး ခွဲခြားဆက်ဆံ ဖိနှိပ်ခံနေကြရတာမို့ နေရပ်စွန့်ခွာ ရွေ့ပြောင်းသွားသူတွေ များနေကြတာလို့ ဆိုကြပါတယ်။
ရခိုင်ပြည်နယ်ထဲမှာတော့ လူဦးရေ နှစ်သန်းနီးပါးရှိနေပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ သံတွဲ စတဲ့မြို့တွေမှာ အများဆုံးနေထိုင်နေကြပါတယ်။
သူတို့တွေဟာ အာဏာရှင် ဦးနေဝင်းလက်ထက်ကစပြီး မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေ ခံလာကြရတာလို့ ဆိုကြပါတယ်။
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေဟာ ၁၉၉၀ ပြည်နှစ်ကတည်းက တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အဆင်ပြေရာသို့ နေရပ်စွန့်ခွာ ရွေ့ပြောင်းထွက်ပြေးနေကြရတာဟာ အခုအချိန်ထိ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
သူတို့ အများဆုံးနေထိုင်ရာ ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာတော့ နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု (နစက) ဌာနချုပ်ကို တည်ဆောက်ဖွဲ့စည်းပြီး ဒေသန္တရအမိန့်တွေ ထုတ်ပြန်ကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ ဒေသန္တရ အမိန့်တွေမှာ လက်ထပ်ထိမ်းမြားဖို့၊ ကွာရှင်းပြတ်စဲဖို့ ခွင့်ပြုချက်တင်ပြီး ခွင့်ပြုချက်ယူရတာတွေ၊ သူတို့ကို သီးခြားစာရင်းလုပ် မှတ်တမ်းတင်ထားပြီး မွေးဖွားလာတဲ့ ကလေးတွေကို တရားမဝင်ပုံစံမျိုး သတ်မှတ်ထားတာတွေ ပါဝင်ပါတယ်။
အဲဒီ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက) က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၂ ရက်နေ့မှသာ ဖျက်သိမ်းလိုက်ပါတယ်။
အဲဒီလိုမျိုး မဖျက်သိမ်းခင်က မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။
” ၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ အတွင်းတွင် ရခိုင်ပြည်နယ်ရှိ နှစ်ဘက် လူ့အဖွဲ့အစည်းအကြား အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ ၎င်း အကြမ်းဖက်မှုတွင် အနည်းဆုံး ၁၉၂ ဦး- {(မွတ်ဆလင်-၁၃၄) ဦး နှင့် ရခိုင် – ၈၅) ဦး] သေဆုံးခဲ့ရပါသည်” လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီ ပဋိပက္ခကြောင့် ရိုဟင်ဂျာသိန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာပြီး ယာယီဒုက္ခသည် စခန်းတွေမှာ ဆယ်စုနှစ် တစ်ခုကျော်လာတဲ့အထိ အထွေထွေ အကျပ်အတည်းတွေကြား ခက်ခက်ခဲခဲ ရပ်တည်ရှင်သန်နေကြရတယ်လို့ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
” အကြမ်းဖက်မှု ဒဏ်ကို လူ့အဖွဲ့အစည်း နှစ်ရပ်စလုံး ခံခဲ့ကြရသော်လည်း ပုဂ္ဂလိက ပိုင်ဆိုင်မှုများ ဖျက်ဆီးခံခဲ့ရမှု အခြေအနေမှာ ညီမျှမှုမရှိသည်ကို တွေ့ရသည်။ ဖျက်ဆီးခံခဲ့ရသည့် လူနေအိမ် (၈၆၂၄) လုံးအနက် (၇၄၂၂) လုံးမှာ မွတ်စလင်များ ပိုင်ဆိုင်သည့် နေအိမ်များဖြစ်ပြီး ယင်းပမာဏသည် ပျက်စီးဆုံးရှုံးမှု စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းခန့် ဖြစ်သည်” လို့ ရခိုင်ကော်မရှင်မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် ” ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တစ်သိန်းလေးသောင်းနီးပါး ရှိရာတွင် ယင်း၏ ၉၅ ရာခိုင်နှုန်းကျော်မှာ မွတ်စလင်များဖြစ်ပြီး ယင်းအရေအတွက်ရှိ တစ်သိန်းနှစ်သောင်း ဦးရေခန့်သည် သန့်ရှင်းမှု နည်းပါးသည့်အပြင် အခြေအနေမကောင်းသည့် IDP စခန်းများတွင် နေထိုင်နေကြရပါသည်။
စစ်တွေမြို့တွင်းနှင့် ကျောက်ဖြူမြို့နယ် အပါအဝင် ပြည်နယ်အတွင်းရှိ နေရာဒေသအတော်များများတွင် မွတ်စလင်များသည် မိမိတို့နေအိမ်မှ စွန့်ခွာခဲ့ရပါသည်” လို့လည်း ဖော်ပြထားပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ထိ အစွန်းရောက် အကြမ်း ဖက်သမားတွေ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦး၊ ပျောက်ဆုံးနေသူ ၉၁ ဦး၊ စုစုပေါင်း ၂၅၄ ဦးရှိတယ်လို့ အမျိုးသားဒီမိုကရေစီ (NLD) အစိုးရက ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်မှာ ပဋိပက္ခဒဏ်ကိုခံစားကြုံတွေ့ခဲ့ကြရတဲ့ ရိုဟင်ဂျာတွေသာမက ရခိုင်ရှိ အစ္စလာမ်ဘာသာဝင် အားလုံးဟာ အစိုးရအဆက်ဆက်နဲ့ စစ်တပ်ရဲ့ မတရားဥပဒေတွေနဲ့ ဖိနှိပ်ထားမှုတွေကို ခံနေကြရတယ်လို့ ကမန်လူမျိုးတွေကလည်း ဆိုကြပါတယ်။
ရခိုင်ရှိ ရိုဟင်ဂျာ IDP တွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ ယာယီဒုက္ခသည်စခန်းတွေမှာ ဆယ်နှစ်ကျော်ကြာတဲ့အထိ ခက်ခဲကျပ်တည်းစွာ နေထိုင်နေကြရသလို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေကို တားမြစ် ကန့်သတ်ထားတာမို့ ပိုမိုဆိုးဝါးတဲ့ အခြေအနေကိုတွေ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုမျိုး အငတ်ဘေးဒဏ်တွေကို မခံစားနိုင်သူတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် အသက်ကိုရင်းပြီး နေရပ်စွန့်ခွာ ရွေ့ပြောင်းသွားလာနေကြပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီး တရားစွဲဆိုမှုတွေကို ခံနေကြရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
” ကျွန်တော်တို့က တန်းတူအခွင့်အရေး လိုချင်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်ရချင်ပါတယ်။ မူလနေရာကို ပြန်လိုချင်ပါတယ်” လို့ စစ်တွေမြို့၊ ဒါးပိုင် IDP စခန်းမှ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
” ကာလရှည်ကြာစွာ တည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့် အကြမ်းဖက်မှု အခြေအနေများ၏ ခြိမ်းခြောက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့သည့် အခြေအနေ အရပ်ရပ်တို့ကြောင့် ပြည်နယ်အတွင်းရှိ ရခိုင်နှင့် မွတ်စလင်များသည် မိမိတို့၏ နေရပ်ကိုစွန့်ခွာ၍ တခြားဒေသများသို့ ထွက်ခွာကြရာ ယင်းသည် ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီး၌ အလုပ်သမားရှားပါးမှု ပြဿနာကို ပေါ်ပေါက်လာစေပါသည်” လို့ ရခိုင်ကော်မရှင်မှာ ဆိုထားပါတယ်။
” ထို့အပြင် ဆင်းရဲနွမ်းပါးမှုနှင့် ခွဲခြားနှိမ့်ချဆက်ဆံခံရခြင်းတို့က ထောင်ပေါင်းများစွာသော မွတ်ဆလင်များကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများကဲ့သို့ ဒေသတွင်းရှိ တခြားနိုင်ငံများတွင် အခြေချနေထိုင်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်”
” ထိုသို့ တခြားဒေသများသို့ ထွက်ခွာကြရာတွင် အများစုသည် တရားမဝင်မှောင်ခို ကွန်ရက်များအပေါ် အဓိကမှီခိုကြရပြီး ထိုသူများထဲမှ အများစုသည် အန္တရာယ်များလှသော ပင်လယ်ရေကြောင်း ခရီးစဥ်အတွင်း၌ပင် သေဆုံးကြရသည်ဟု ယူဆရပါသည်” လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီ အစီရင်ခံစာ ထုတ်ပြန်တဲ့ညမှာပဲ မောင်တောဒေသမှာ အကြီးမားဆုံးအ ကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရိုဟင်ဂျာသိန်းနဲ့ချီ အသက်လု ထွက်ပြေးခဲ့ကြရပါသေးတယ်။
အဲဒီ ၂၀၁၇ ခုနှစ်၊ မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်ကြောင့် သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၀၁၈ မတ်လအထိ ရိုဟင်ဂျာ ကျေးရွာပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲရကာ လူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Right Watch-HRW) က ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ ခုနှစ်သိန်းနီးပါးကို ပြန်လည် လက်ခံရေးဆောင်ရွက်ဖို့ ရွေးကောက်ခံအစိုးရက စီစဥ်ခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့သလို စစ်တပ်ရဲ့ အာဏာသိမ်းမှုကိုလည်း ခံလိုက်ရပါတယ်။
အာဏာသိမ်းစစ်တပ်က ပြန်လည်လက်ခံရေး ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပေမယ့် ရိုဟင်ဂျာတွေ တောင်းဆိုချက်များကို လက်ခံ လိုက်လျောပေးမယ်လို့ စစ်ကောင်စီက တရားဝင်ပြောဆိုထားခြင်း မရှိသေးသလို အဲဒီနေရာအများစုဟာ ရက္ခိုင့်တပ်တော် (AA) ရဲ့က ထိန်းချုပ်လွှမ်းမိုးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီမိုကရေစီအစိုးရကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ နေရပ်စွန့်ခွာရွေ့ပြောင်းဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၂၀၂၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီအထဲက ၅၀၀ ဦးခန့်ကိုတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားတယ်လို့ ရိုဟင်ဂျာတွေနဲ့ စောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
အဲဒီလိုမျိုး နေရပ်စွန့်ခွာရွေ့ပြောင်း သွားလာနေတုန်း လမ်းခရီးမှာ အစာရေစာ ငတ်ပြတ်သေဆုံးတာတွေ၊ ထိခိုက်သေဆုံးတာတွေ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိနေပြီး အများစုဟာ ဒေသအာဏာပိုင်တွေ၊ လူကုန်ကူးသမားတွေနဲ့ ပွဲစားတွေရဲ့ လိမ်လည်မှုတွေကြောင့် ခံကြရတာလို့ ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကသာမကပဲ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှိုနေကြရတဲ့ ရိုဟင်ဂျာတွေလည်း အဲဒီလိုမျိုး နေရပ်စွန့်ခွာရွေ့ပြောင်းနေကြသလို အခက်အခဲပေါင်းစုံလည်း ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဇ်ဘဇား ဒုက္ခသည်စခန်းကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယအပတ်က ထွက်ခွာလာတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါး ပါလာတဲ့ လှေတစ်စင်းဟာ အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ထဲမှာ စက်ချို့ယွင်းမျောပါနေပြီး အစာရေစာပြတ်ကာ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝန်းက ဆိုပါတယ်။
အဲဒီ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြီးခဲ့တဲ့နိုဝင်ဘာ တတိယ အပတ်ထဲမှာ သုံးရက်ခြားပြီး စက်လှေသုံးစင်းနဲ့ ထွက်ခွာလာတာဖြစ်ပါတယ်။
သူတို့ထဲကလူ ၁၆၀ ခန့်လိုက်ပါလာတဲ့ ပထမစက်လှေဟာလည်း စက်ချို့ယွင်းပြီး ပင်လယ်ထဲ ၁၀ ရက်လောက်မျောနေကာ ဒုက္ခသည်ဆယ်ယောက် သေဆုံးသွားချိန်ကျမှ ဗီယက်နမ်ရေနံကုမ္ပဏီရဲ့ သင်္ဘောတစ်စင်းက တွေ့ရှိကယ်တင်ပြီး မြန်မာစစ်ကောင်စီ ရေတပ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို လွှဲပြောင်းပေးခဲ့သူတွေကို စစ်ကောင်စီက အရေးယူ ထောင်ဒဏ်တွေ ချမှတ်မှာကို ရိုဟင်ဂျာတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။
ရခိုင်ရှိ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် မသတ်မှတ်သလို ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေအရလည်း တားဆီးကန့်သတ်ထားတာမို့ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာချင်တဲ့ ရိုဟင်ဂျာတွေဟာ ဒေသအာဏာပိုင်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေအတွက် ငွေတွင်းကြီးလို ဖြစ်နေတယ်လို့လည်း ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
” ခရီးသွားလာခွင့် ရရှိရေးအတွက် လာဘ်ပေးရခြင်း၊ လမ်းများ ပိတ်ဆို့ထားရှိခြင်းများနှင့် မွတ်ဆလင်များ ခရီးသွားလာသည့်အခါ လုံခြုံရေး စောင့်ရှောက်မှု အနေဖြင့် လိုက်ပါပေးသော ရဲများအား ဝန်ဆောင်မှုအတွက် အခကြေးငွေပေးရခြင်း အစရှိသည့် တရားမဝင် ကန့်သတ်ချုပ်ချယ်မှုများကို အစိုးရမှအရေးယူ တားဆီးခြင်းများ ပြုလုပ်သင့်ပါသည်။ ပြစ်မှုကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေအရ အရေးယူမှုများ ပြုလုပ်သင့်သည်” လို့ ရခိုင်ကော်မရှင်က အကြံပြုထားပါတယ်။
ရခိုင်ကော်မရှင်ကတော့ ရခိုင်ကရိုဟင်ဂျာတွေ လွတ်လပ်စွာရွေ့ပြောင်းသွား လာခွင့်ရဖို့ ” ဥပဒေရေးရာတွင် တန်းတူညီမျှရှိစေရန် နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်အတွင်းရှိ လူနည်းစုငယ်များ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ်ထားသော ဒေသအလိုက် ထုတ်ပြန်ထားသည့် စည်းမျဥ်းများနှင့် အမိန့်စာများကို ရှာဖွေပြီး ဥပဒေအရ ပြန်လည်သုံးသပ် ဆန်းစစ်သင့်ပါသည်” လို့ အကြံပြု တိုက်တွန်းထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း နေရပ်စွန့်ခွာ ရွေ့ပြောင်းသွားလာနေတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထောင်ချမှုတွေ မလုပ်ဘဲ ဥပဒေအရ စိစစ်ပြီး နိုင်ငံသားအခွင့်အရေးတွေသာ အပြည့်အဝ ပေးသင့်တယ်လို့ အကြံပြု တိုက်တွန်းထားပါသေးတယ်။