By MPA 001
ရှေ့တန်းတစ်နေရာရှိ လက်နက်ထုတ်လုပ်ရေးစခန်းအတွင်း အသေးစားပေါက်ကွဲမှု ဖြစ်ခဲ့သည့်အတွက် ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရသည်ဟု နေပြည်တော်ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ ထံမှသိရသည်။
အဆိုပါပေါက်ကွဲမှုသည် ယမန်နေ့ ညနေ ၄ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှေ့တန်းရှိ နယ်မြေခံ PDF ဆေးတပ်ဖွဲ့က အချိန်မီ ဆေးကုသမှုပြုလုပ်ပေးထားသည်ဟု နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုနောင်ချိုက ပြောဆိုသည်။
“ ကင်းထောက်သွားဖို့ အခြားတော်လှန်ရေးအင်အားစုတွေကိုစောင့်ရင်း မလာနိုင်သေးတာနဲ့ ကျောက်စက်ဖြတ်ရင်း စောင့်ကြတာ။ရှေ့ကိုယူသွားမယ့် ကတ်သီးတွေက ကျောက်စက်ဖြတ်တဲ့သံစ မှန်ပြီးကွဲတော့ ထိခိုက်ကြတာပါ” ဟု နေပြည်တော် ပကဖတာဝန်ခံက ရှင်းပြသည်။
ယမန်နေ့က ပေါက်ကွဲမှုကြောင့် လက်နက်ထုတ်လုပ်နေသည့် နေပြည်တော်ပကဖ ရဲဘော်သုံးဦး ပြင်းထန်ဒဏ်ရာရခဲ့သည့်အပြင် လက်နက်စခန်းလည်း အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့သည်ဟုသိရသည်။ “ ဒဏ်ရာတော့ ပြင်းပါတယ်။အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ဖြတ်ပစ်ရတာမျိုးတော့မရှိဘူး။ တကိုယ်လုံးတော့ အစတွေထိတာပါပဲ။အားလုံး စိတ်ထိခိုက်ဝမ်းနည်းကြရပေမယ့် သူတို့ကတော့ ပေးဆပ်မှုအတွက် ဂုဏ်ယူလျက်ပါ” ဟု ကိုနောင်ချိုက အသေးစိတ်ရှင်းပြသည်။
နေပြည်တော်ပကဖတပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိတွင် စစ်ရေးအရအတည်ပြုဖော်ပြ၍မရသော ရှေ့တန်းတနေရာသို့ရောက်ရှိနေပြီး ငွေကြေးလိုအပ်ချက်ကြောင့် လက်နက်ခဲယမ်းများကို ၎င်းတို့ ကိုယ်တိုင် အန္တရာယ်ကြီးစွာ အသက်ကိုရင်း၍ ထုတ်လုပ်နေရသည်ဟု နေပြည်တော်ပကဖ အဖွဲ့ထံမှ ထပ်မံ သိရသည်။