ကမ္ဘာ့နိုင်ငံများတွင်ရှိသည့် လူတို့သည် အပျော်သဘောဖြင့်ဖြစ်စေ၊ အမြတ်ရလို၍ဖြစ်စေ လောင်းကစားမှုကို ပြုလုပ်တတ်ကြသည်။ ကံကို အခြေခံပြီး ရရှိလာသည့် အကျိုးအမြတ်အတွက် ပျော်ရွှင်စွာ ခံစားတတ်ကြသည်။
အချို့က လောင်းကစားကို ပြုခြင်းတွင် လေ့လာဆန်းစစ်ခြင်းများဖြင့် ချဉ်းကပ်တတ်ပြီး အနီးစပ်ဆုံးအဖြစ် ခန့်မှန်းကစားကြသလို အချို့ကလည်း မျက်စိစုံမှိတ်နံကြားထောက်ပုံစံဖြင့် ကံတရားကို အခြေပြုကာ လောင်းကြသည်။
၎င်းတို့ ယုံကြည်ထားသည့် ကံတရားဆိုသည်မှာလည်း တိုက်ဆိုင်မှု သပ်သပ်သာ ဖြစ်မည်ဟု ခံစားရသည်။ မည်သို့ပင်ဆိုစေ၊ မည့်သည့်လောင်းကစားမဆို ပြုလုပ်သူတစ်ဦးအတွက် ပေးဆပ်မှုက စတင်ရမည်ဟု ဆိုရမည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လောင်းကစားကို တရားဝင်ခွင့်မပြုထားသော်လည်း ရှေးလွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လက်သိပ်ထိုးပြုလုပ်ကာ လောင်းကစားမှုကို ပြုလုပ်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ယခုလို ခေတ်ပျက်ကာလတွင် ပို၍ပင်ဆိုးသည်။ လူတို့သည် အလုပ်လက်မဲ့ဖြစ်ခြင်း၊ လစာမလုံလောက်ခြင်းနှင့် နိုင်ငံတွင်း ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးပျက်ကပ်တွင် ၎င်းတို့လက်ထဲရှိနေသည့် ငွေကြေးကို တခြားသောနည်းလမ်းဖြင့် တိုးပွားအောင် ပြုလုပ်ရန် စဉ်းစားကြသည်။
ထိုသို့စဉ်းစားရာတွင် လောင်းကစားနည်းတို့ကိုသာ ရွေးချယ်ပြီး ကံစမ်းကြတော့သည်။ ယခုခေတ်တွင် လောင်းကစားနည်းမျိုးစုံတို့သည် ပေါပေါများများရှိလာသည်။ ယခင်ဆယ်စုနှစ်နှစ်ခုကျော်က အခြေအနေနှင့် လက်ရှိကာလအခြေတို့သည် လုံးဝခြားနားသွားခဲ့ရသည်။
မျိုးစုံသော လောင်းကစားတို့ကို အက်ပလီကေးရှင်း၊ ဝက်ဘ်ဆိုက်များမှတဆင့် အချိန်နှင့်တပြေးညီ ဆော့ကစား၍ ရနိုင်သည်။ လောင်းကစား အေးဂျင့်များစွာတို့သည်လည်း သူ့ထက်ငါ ဆော့စားကြမည့် လူများကို ရှာဖွေနေကြသည်။
ယင်းအခြေအနေများကြားမှ လောင်းကစားလောကတွင် ပြောဆိုကြသည့် စကားတစ်ခွန်းရှိသည်။ “အေးဂျင့် ၁၀ ယောက်၊ User တစ်ယောက်”ဆိုသည့်အချက်ပင်။ ထိုအခြေအနေသည် စစချင်းအေးဂျင့်လုပ်မည့် သူများတွင်သာရှိပြီး တစ်ဘက်တွင် လက်ကြီးဒိုင်များက နောက်ကွယ်မှ ချုပ်ကိုင်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အစောပိုင်းကတည်းက လူကြိုက်များသည့် လောင်းကစားနည်းများမှာ နှစ်လုံး၊ သုံးလုံးနှင့် ဘောလုံးလောင်းကစားပင် ဖြစ်သည်။ ရှေးယခင်ခေတ်များက ဘောလုံးလောင်းကစားပြုရန်ပင် ဒိုင်ရှာရသည်မှာ ခက်ခဲသည်။ နီးစပ်ရာ အသိ၊ နီးစပ်ရာ ကွမ်းယာဆိုင်များမှတဆင့် တိုးတိုးတိတ်တိတ် လောင်းကစားခြင်းပြုလုပ်ရသည်။
ယခုတွင် ထိုသို့မဟုတ်တော့ အွန်လိုင်းတခွင်တွင် လောင်းကစားခြင်းက ကြီးစိုးနေသည့်အလား ထင်ရလောက်အောင်ဖြစ်နေပြီဖြစ်သည်။ စာကွန်းတန့်၊ ဗီဒီယို ကွန်းတန့်များ ဖန်တီးကာ လောင်းကစားပြုလုပ်မည့် သူများကို ရှာဖွေကြသည်။
အချို့ဗီဒီယိုကွန့်တန့်များဆိုလျှင် သရုပ်ဆောင် လေးငါးယောက်အထိ အသုံးပြုကာ လောင်းကစားခြင်းနှင့် ဆက်စပ်၍ ဆွဲဆောင်ကြော်ငြာနေကြသည်။ ယခင်က ဆင်းရဲသူတစ်ဦးက ၎င်းတို့ဗီဒီယိုတွင်ပါသည့် လောင်းကစားဝက်ဘ်ဆိုက် သို့တည်းမဟုတ် အက်ပလီကေးရှင်းတွင် ကစားလိုက်၍ ကြီးကြီးတက်ချမ်းသာသွားသည့် ပုံစံများအထိပင် ဆွဲဆောင်ကြသည်။
ယင်းဗီဒီယိုများတွင် like၊ Comment နှင့် View များ များစွာရှိနေတတ်ကြသည်။ Sexy မော်လ်ဒယ်များကလည်း ထိုသို့ ကြော်ငြာများကို ကြော်ငြာပေးခြင်းဖြင့် ဝင်ငွေများစွာတိုးပွားနေကြသည်။
လောင်းကစားပြုလုပ်သူတစ်ဦးအနေဖြင့် လောင်းကစားပြုလုပ်ရာတွင် ဒိုင်ဖြစ်သူက ပိုမိုအသာရသည်ဟု သိမြင်ထားသော်လည်း အထက်တွင်ပြောခဲ့သလို အပျော်သဘောဖြင့်ဖြစ်စေ၊ အကျိုးအမြတ်ရလို၍ဖြစ်စေ ကစားမြဲကစားကြသည်။ အချို့ကလည်း စိတ်အလိုကို မထိန်းသိမ်းနိုင်၍ အပျော်မှ အပျက်သို့ ရောက်ရှိသွားခဲ့သည်။
“ကျွန်တော်ဆိုရင် လောင်းကစားလုပ်လာတာ။ ဆယ်စုနှစ်တစ်ခုလောက်ရှိပါပြီ။ ဒါပေမဲ့ အများကြီးရသွားတာတယ်ဆိုတာ မရှိပါဘူး။ ပိန်လိုက်ဖောင်းလိုက်ပါပဲ”ဟု လောင်းကစားကို နှစ်ရှည် ဆော့ကစားနေသူတစ်ဦးက ပြောပြသည်။
၎င်းက အတွေ့အကြုံများကို ဝေမျှရာတွင် “ဘောလုံးက တော်သေးတယ်။ စလော့ဂိမ်းငါးပစ်ဂိမ်းတွေကတော့ တော်တော်မလွယ်ဘူး။ လက်ကနှိပ်တိုင်း ပိုက်ဆံက ထွက်နေတော့ လိုက်လေဝေးလေပါပဲ”ဟု ဆက်လက်ရှင်းပြသည်။
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအခြေအနေ ပို၍ ဆိုးလာသောအခါတွင် လောင်းကစားမှုများ တိုးလာကြသည်မှာ ပုံမှန်ကိစ္စရပ်တစ်ခုလိုပင် နိုင်ငံတကာရှိ သုတေသီများက ကောက်ချက်ချမှုများရှိသည်။ ဟုတ်ပါသည်။ စီးပွားရေးကျပ်တည်းမှုများကြုံလာသည့်အခါ ယင်းသို့ထွက်ပေါက်များရှာလာကြသည်မှာ အမှန်ပင်ဖြစ်သည်။
မြန်မာပြည်တွင်လည်း လောင်းကစားနှင့် သက်ဆိုင်သည့် ဂရုများတွင် ထိုသို့အခြေများကို တွေ့မြင်နေရသည်။ အချို့ဆိုလျှင် လောင်းတိုင်းကုန်ဘဝကို ရောက်နေကြသည့်အဖြစ်နှင့် ရင်ဆိုင်နေရပြီး အကောင့်အစစ်နှင့်ဖြစ်စေ၊ အကောင့်အတုနှင့်ဖြစ်စေ ငါးရာကျပ်မှစ၍ တစ်ထောင်ကျပ်အထိ လောင်းကစားသူအချင်းချင်းထံမှ ပြန်လည် တောင်းယူရသည့် အဖြစ်များပင် ရှိနေသည်။
လက်ရှိ မြန်မာ့စီးပွားရေးပျက်ကပ်တွင်လည်း ထိုသို့အခြေအနေများ များပြားလာသည့်အတွက် သတိချပ်ရန် လိုအပ်လာပြီဖြစ်သည်။ ပုံမှန်အချိန်တွင် လောင်းကစားမှုပြုလုပ်သည်ထက် ယခုလို စီးပွားရေးကပ်တစ်ခုလိုဖြစ်နေသည့် အချိန်မျိုးတွင် ပိုမိုသတိထားရန်လိုအပ်သည်။
ငွေလို၍ ရှိနေသည့်ငွေများ ပွားအောင်ပြုလုပ်ရင်းမှ အလိုက်မှားသွားသည့် အခြေအနေများမဖြစ်ရန်လိုအပ်သည်။ ဒိုင်ကိုင်သူနှင့် လောင်းကစားပြုလုပ်သူများ၏ လက်ရှိ သဘောသဘာဝနှင့် လုပ်ငန်းများကို မဝေဖန်လိုသော်လည်း ယခုလို စီးပွားပျက်ကပ် ကာလတွင် ချင့်ချင့်ချိန်ချိန်ဖြစ်ရန်သာ အသိပေးလိုခြင်းဖြစ်ပါသည်။