ကရင်ပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံကူညီနိုင်ခဲ့သည့် ကရင်လူငယ် စောတေဂေးမူးသည် ၂၀၂၁ ခုနှစ်၏ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။
၎င်းအနေဖြင့် ကရင်ပြည်နယ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများ၊ ကျေးရွာများနှင့် ကျောင်းများတွင် သန့်ရှင်းသော သောက်သုံးရေများ ရရှိနိုင်ရေးအတွက် ကူညီလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
စောတေဂေးမူးသည် Safe Water for Every Child – Myanmar ၏ ညှိနှိုင်းရေးမှူးဖြစ်ပြီး Karen Students Network Group မှ တက်ကြွကျောင်းသားဟောင်းတစ်ဦးဖြစ်သည်။ ထို့အပြင် အာဆီယံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သင်တန်းအတွက် လူငယ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။
လူပေါင်းလေးသောင်းနီးပါးကို သန့်ရှင်းသော သောက်သုံးရေရရှိအောင် ၎င်းအနေဖြင့် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ယခုလို ၂၀၂၁ ခုနှစ်၏ ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ ဆုကြေးအဖြစ် ၎င်း၏ လူမှုအလုပ်များ ဆက်လက်လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာ လေးထောင် ချီးမြှင့်သွားမည်လည်း ဖြစ်သည်။
“ စောတေဂေးမူးအနေနဲ့ ကရင်လူမျိုးအသိုက်အဝန်းရဲ့ အခန်းကဏ္ဍအသီးသီးမှာ ခေါင်းဆောင်မှုကို ပြသခဲ့ပြီး ဖဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုနဲ့ သူ့ရဲ့အလုပ်ကို အသိအမှတ်ပြုရတဲ့အတွက် ဝမ်းသာပါတယ် ” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာ နမ့်ဘွားဘွားဖန်းက ပြောကြားထားသည်။
စောတေဂေးမူးကို ဆုချီးမြှင့်ရန်အတွက် ကြိုးပမ်းရာတွင် ကိုဗစ်ကပ်ရောဂါနှင့် ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများ အရှိန်မြင့်လာမှုကြောင့် ဆုချီးမြှင့်ပွဲနှင့် ကြေညာခြင်းသည် နှောင့်နှေးစေခဲ့ရသည်ဟုဆိုသည်။
ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နေ့၌ ဘားအံမြို့တွင်ကျင်းပမည့် (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဖဒိုမန်းရှာ၏ သားဖြစ်သူ စောစေးစေးဖန်းမှလည်း တက်ရောက်မည်ဟု ကနဦးသိရှိရသည်။
“ ကရင်လူငယ်တွေနဲ့ သူ့ရဲ့အလုပ်တွေကို အမြဲကူညီပံ့ပိုးလုပ်ကိုင်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီး ဖဒိုမန်းရှာကို အမှတ်တရဖြစ်စေတဲ့ ဒီဆုကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ရေဟာ သက်ရှိသတ္တဝါအားလုံး ရှင်သန်ဖို့အတွက် အရေးကြီးတဲ့အပြင် ကရင်လူမျိုးတွေရဲ့ ဘဝနဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေဖို့ လုပ်ဆောင်ပေးရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ် ” ဟု ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုရှင် စောတေဂေးမူးက ဖွင့်ဟထားသည်။
ဖန်းဖောင်ဒေးရှင်းကို သားသမီးများဖြစ်ကြသော စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်းတို့မှ မိခင် နမ့်ကျင်ရွှေနှင့် ဖခင် မန်းရှာလားဖန်းတို့အတွက် ရည်စူးပြီး တည်ထောင်ခဲ့ခြင်းဖြစ်သည်။
KNU အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာလားဖန်းသည် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမားနှစ်ဦး၏ လုပ်ကြံခြင်းကို ခံခဲ့ရသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဖန်းဖောင်ဒေးရှင်းအနေဖြင့် ပညာရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကရင်ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် လုပ်ဆောင်ပေးလျက်ရှိသည်။