Kaung For You Education တည်ထောင်သူ ဆရာကောင်းသိုက်စိုး (ခေါ်) ဆရာကောင်း အဖမ်းခံရခြင်းနှင့် ပတ်သက်ပြီး အသေအချာအတည်ပြုနိုင်ခြင်းမရှိကြောင်း Kaung For You Education Pageနှင့် တာဝန်ရှိသက်ဆိုင်သူတစ်ဦးမှ ရှင်းလင်းထားသည်။
ယနေ့ နံနက် ၆နာရီ ၃၅မိနစ်က လူမှုကွန်ရက်ပေါ်ရှိ Kaung For You Education ပေ့ချ်တွင် ဆရာကောင်း ဖမ်းဆီးခြင်းခံရကြောင်း အသိပေးစာ ထွက်ပေါ်လာခဲ့ပြီး ၅၆မိနစ်အကြာတွင် ယင်းပို့စ်ပျောက်ကွယ်သွားကြောင်း Kaung For You Educationတွင် ပညာသင်ကြားနေသည့် ကျောင်းသားမိဘတစ်ဦးကပြောသည်။
“မနက်က အဲ့လိုတွေတက်လာတော့ လန့်တာပေါ့။ ဟန်ငြိမ်းဦးဘက်ကလည်း ကျောင်းသားတွေနဲ့ မိဘတွေကို ဖမ်းခိုင်းမယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေတယ်ပြောတယ်။ ဘယ်ဖုန်းကိုမှလည်း ဆက်မရဘူး။ ဆက်လည်းမဆက်ရဲဘူး ” ဟု Kaung For You Educationတွင် ပညာသင်ကြားနေသည့် ကျောင်းသားမိဘတစ်ဦးကပြောသည်။
ယနေ့နံနက် ၆နာရီ ၃၅မိနစ်က ဆရာကြီးအဖမ်းခံရသည်ဟူသော ဖော်ပြချက်နှင့် ပတ်သက်ပြီး Kaung For You Education Pageကို တာဝန်ယူထားသူတစ်ဦးမှ အဖမ်းခံရကြောင်း သေချာအတည်ပြုနိုင်ခြင်း မရှိခြင်းကြောင့် ပြန်လည်ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လူမှုကွန်ရက်ပေါ်ရှိ Kaung For You Education Pageတာဝန်ယူထားသူမှ ” ဆရာကြီး အဖမ်းခံရတယ် ” ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျွန်တော်/ကျွန်မတို့အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါ ။သေချာရင် ဖေဖေမေမေနှင့် သားသားမီးမီးတို့ကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမှာဖြစ်ပါတယ်။ မည်သည့်သတင်းကိုမှ ထိန်ချန်ခြင်း၊ သတင်းအမှောင်ချခြင်းမျိုး လုံးဝ(လုံးဝ)မလုပ်ပါခင်ဗျာ ” ဟု ကျောင်းသားမိဘများအား အသိပေးထားသည်။
ဆရာကောင်း၏ လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Kaung Thaike Soe’ နှင့် ‘ကောင်းသိုက်’ facebook စာမျက်နှာတို့မှာလည်း ယနေ့နံနက်ပိုင်းမှစတင်က ဝင်ရောက်ကြည့်ရှုမရတော့ကြောင်း သိရသည်။
ယနေ့တွင် အဖမ်းခံရသည်ဟု အတည်မပြုနိုင်သော သတင်းများထွက်ပေါ်နေသည့် ဆရာကောင်းသည် CDMပြုလုပ်ထားသည့် မြစ်သားမြို့နယ်၊ လက်ထောက်ပညာရေးမှူး ကောင်းသိုက်စိုးဖြစ်ပြီး NUGပညာရေးစနစ်တွင် Kaung For You Education ၏ ကျောင်းအုပ်အဖြစ်တာဝန်ယူကာ ကျောင်း(အွန်လိုင်း) ဖွင့်လှစ်သင်ကြားပေးနေသူဖြစ်သည်။
ဆရာကောင်းဖမ်းဆီးခံရသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ ဇူလိုင်လ ၁၃ရက်နေ့ နံနက် ၁၁နာရီခန့်တွင် Kaung For You Educationတွင် စာသင်ကြားနေသည်ဟုဆိုသော ကလောမြို့ရှိ ဆရာမတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေခဲ့ပြီး MPAအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
Kaung For You Education တွင် ကျောင်းအပ်နှံထားသည့် CDMကျောင်းသားအချို့၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားကာ အကြပ်ကိုင် ငွေတောင်းခံခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ထားခဲ့ပြီး ၎င်းဖြစ်စဉ်ကို Kaung For You Education အနေဖြင့် စုံစမ်းစစ်ဆေးကာ ဖော်ထုတ်ပေးသွားမည်ဟုလည်း ထုတ်ပြန်ထားခဲ့သည်။
Kaung For You Education တွင် တက်ရောက်သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခြင်းနှင့်အတူ ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် ဆရာမ ၁ ဦး စာသင်နေစဉ် အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားခြင်းအပေါ် စိတ်ပျက်သလို လက်ခံနိုင်ဖွယ်မရှိကြောင်း အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ ချုပ် (အ.က.ရ – ဗဟိုဌာနချုပ်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာထုတ်ပြန်ထားည်။