ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က တာဝေးပစ်ဒုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဒေသခံအမျိုးသမီးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့၊ မနက် ၉ နာရီလောက်က ဖြစ်သွားတာ။ လေယာဉ်နဲ့လားဆိုတာတော့ မပြောတက်ဘူး။ လေယာဉ်သံမကြားရဘဲနဲ့ ပေါက်ကွဲသံကြားရမှ သိရတာ။ ရွာဟောင်းတောရွာမှာ ကျတယ်။ ၁၆၊ ၁၇ လောက်ရှိတဲ့ မိန်းကလေးတစ်ယောက် သေသွားတယ်။ နောက်ထပ် မိန်းကလေး ၂ ယောက်လည်း ထိသွားတယ်”ဟု ရွာဟောင်းတော ဒေသခံတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို အရပ်ဖက်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးနေသလို ဒေသခံအချို့မှာလည်း စိုးရိမ်ထိတ်လန့်မှုများမြင့်တက်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိသော်လည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“တာဝေးပစ် ဒုံးနဲ့ ပစ်တာလို့ ပြောလို့ရတယ်။ ကိုးသောင်းပုထိုးတော်ကြီးကို လှမ်းပစ်တာ။ ဒါပေမယ့် ကိုးသောင်းပုထိုးမှာ မကျဘဲနဲ့ သူနဲ့ ဘေးချင်ကပ်ရွာဖြစ်တဲ့ ရွာဟောင်းတောမှာ ကျတာ။ ဒေသခံတွေကတော့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းနေရတာပေါ့” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာကို စစ်ကောင်စီက တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
“မြောက်ဦးကို AA က သိမ်းပြီးမှ ၂ ခါရှိပြီ ဗုံးကြဲခံရတာ။ ဟိုနေ့ကလည်း တိမ်ညိုကို လာကြဲသွားတယ်။ အဲ့ဒီတုန်းက လူတွေ ထိခိုက်ဒဏ်ရာရတာတွေမရှိပေမယ့် အိမ်တွေတော့ ပျက်စီးသွားတယ်။ အခုတစ်ခါကလည်း လေယာဉ်နဲ့တော့ မဟုတ်ဘူး။ ပေါက်ကွဲသံကြားရမှ သိရတာ။ အဲ့ဒီတော့ ကြိုပြင်ချိန်လည်း မရလိုက်ဘူး။ လူတွေလည်း ထိသွားတယ်။ သူတို့က နည်းလမ်းမျိုးစုံနဲ့ ပြည်သူကို တိုက်ခိုက်နေတာ”ဟုမြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။
တကျော့ပြန်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် မြောက်ဦးဒေသခံများ၏ နေအိမ်များ ပျက်စီးသွားခဲ့ရသလို ရှေးဟောင်းနန်းတော်ရာကုန်း၊ ရှေးဟောင်းသုတေသနပြတိုက်နှင့် ရှေးဟောင်းစေတီပုထိုးတော်များ ပျက်စီးခဲ့ရသည်။