စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်သို့ မကွေးတိုင်းဘက်မှ လက်နက်ခဲယမ်းများ အများအပြားသယ်ယူယူဖြည့်တင်းနေသည်ဟု စောင့်ကြည့်နေသူများနှင့် ဒေသတွင်းသတင်းရင်းမြစ်များက ပြောကြသည်။
မကွေး-အမ်းကားလမ်းအတိုင်း စစ်ကားကြီးအစီးရေ ၃၀ ခန့်အထိ ယခုလ တတိယပတ်အတွင်း လက်နက်ခဲယမ်းများကို သယ်ယူဖြည့်တင်းပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်း၊ ဗျူဟာအားလုံးသို့ ထပ်မံပို့ဆောင်ဖြည့်တင်းနေကြောင့် အတည်ပြုပြောကြသည်။
” ပြည်မကလာတဲ့ ကားလမ်းအတိုင်း စစ်ကားကြီးတွေနဲ့ သယ်ယူလာတာပါ။ သူတို့ ကားသီးသန့်လာတာဟုတ်ဘဲ ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေကြားမှာ သွားလာသယ်ယူနေတာပါ” ဟု ကိုယ်တိုင်တွေ့မြင် စောင့်ကြည့်နေသူတစ်ဦးက MPA သို့ ပြောသည်။
ထို လက်နက်ခဲယမ်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သယ်ယူလာပြီး ထိုမှတဆင့် ကဇုကိုင်းဗျူဟာအပါအဝင် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းများသို့ တဆင့်ပို့ဆောင် ဖြည့်တင်းနေခြင်းဖြစ်သည်ဟုဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တကျော့ပြန် ရခိုင်ပြန်တိုက်ပွဲကို ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့က ယာယီအပစ်ရပ်လိုက်ကြသည်။
ထို အပစ်ရပ်မှုကို ရက္ခိုင့်တပ်တော် (AA) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ဟု တရားဝင်ထုတ်ဖော်ပြောဆိုပြီး ဒေသခံရခိုင်တောင်သူလယ်သမားများ၏ မိုးစပါးများကို ကူညီရိတ်သိမ်းပေးနေကြောင်း ရုပ်သံဖိုင်များနှင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ကမ်းထိုးရေယာဥ်၊ နေဗီကြီးများ၊ စစ်ရဟတ်ယာဥ်များ၊ စစ်ကားကြီးများဖြင့် လက်နက်ရိက္ခာစစ်သည်များအား ပို့ဆောင်ဖြည့်တင်းနေသည့်အပြင် တပ်စခန်းအသစ်များ တည်ဆောက်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများပါ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်သူများနှင့် ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ လှုပ်ရှားမှုများသည် နှစ်ဖွဲ့သဘောတူညီချက်များနှင့် စစ်စည်းကမ်းကျင့်ဝတ်များကို မလိုက်နာသည့်အပြင် တိုက်ပွဲခေါ်နေသော စစ်ဘီလူးအပြုအမူများ ဖြစ်သည်ဟုလည်း ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
” စစ်တပ်က အင်အားဖြည့်တာ၊ တပ်စခန်းအသစ် ဆောက်တာ၊ လက်နက်ကြီးစခန်းတွေ တည်တာ၊ စစ်ရေးလေ့ကျင့်နေတာတွေဟာ စစ်ဘီလူးအပြုအမူဖြစ်တယ်။ ဒါဟာ နှစ်ဖွဲ့သဘောတူညီချက်တွေ၊ စစ်စည်းကမ်းကျင့်ဝတ်တွေကို မလိုက်နာတာ။ ပြောရမယ့်ဆိုရင် အေအေကို တိုက်ပွဲခေါ်နေတာပေါ့” ဟု ရခိုင်အခြေစိုက် ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက MPA သို့ ပြောသည်။
ရက္ခိုင့်တပ်တော် (AA) က ရခိုင်အပစ်ရပ်ကာလ ရေရှည်တည်တန့်ရေးမှာ စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်ပြောဆိုမှုများအပေါ်တွင် မူတည်နေသည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ရခိုင်တွင် ယာယီအပစ်ရပ်ထားချိန် စစ်ကောင်စီက ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းရှိ ကုလားတန်းမြစ်ဘေးတွင် ရေကြောင်းစစ်ဘေးစခန်းသစ်တစ်ခုကို အခိုင်အမာတည်ဆောက်ပြီး ကမ်းထိုးရေယာဥ်များဖြင့် စစ်ဆေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟုလည်း ခိုင်လုံသည့် သတင်းအရင်းမြစ်များက ဆိုကြသည်။
ထို့အပြင် မောင်တောမြောက်ပိုင်းတွင်လည်း စခန်းများအခိုင်အမာ ပြန်လည်တည်ဆောက်ပြီး လက်နက်ကြီးများတည်ကာ အင်အားရာချီဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေအထားပြုလုပ်ထားသည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်များက ပြောပြကြသည်။
တကျော့ပြန်ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အထိုင်စခန်းများ အပါအဝင်တပ်စခန်း ၃၀ နီးပါးကို အေအေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအပါအဝင် ကြည်း၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။