စစ်ကောင်စီက ၎င်းတို့ စိတ်ကြိုက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်နှင့် ဒေသခံများက ပြောကြသည်။
အဆိုပါ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရခိုင်တစ်ပြည်နယ်လုံးရှိ လူဦးရေစာရင်းကို လာမည့်နှစ် ဇန်နဝါရီလ ၉ ရက်မှစတင်ကာ အိမ်တိုင်ရာရောက် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။
ထိုကဲ့သို့ မြေပြင်ကွင်းဆင်းကောက်နိုင်ရန် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် နည်းပြသင်တန်းတစ်ခုကို ဒီဇင်ဘာလ ၂၀ ရက်၊ မနေ့က စစ်ကောင်စီမှပြုလုပ်ခဲ့သည်။
ထို လူဦးရေစာရင်းကောက်ယူမှုသည် လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် စစ်ကောင်စီပြုလုပ်မည့် ၎င်းတို့ရွေးကောက်ပွဲအတွက် မဲစုရင်းပြုစုရန် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
” နစကရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲက နံပါတ် ၅ ရွေးကောက်ပွဲပြုလုပ်ဖို့ မဲစာရင်းပြုစုဖို့ ဖြစ်တယ်” ဟု ပြည်နယ်စစ်ကောင်စီက ဖော်ပြထားသည်။
ထိုကဲ့သို့ စာရင်းကောက်ယူမှုအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် လူအင်အား ၇၀၀၀ ခန့်က အဖွဲ့ ၁၃၀၀ ခန့်ခွဲပြီး မြေပြင်သို့ ကွင်းဆင်းကောက်ခံမည်ဟုလည်း ပြည်နယ်စစ်ကောင်စီက ဖော်ပြထားသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက်အပစ်ရပ်လိုက်ပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်လာခြင်းဖြစ်သည်။
ရခိုင်တွင် တိုက်ပွဲများယာယီရပ်တန့်နေသော်လည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားနုတ်ထွက်နေကြသည့်အပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ နေရာအများစုကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီလက်အောက်ခံများ မည်ကဲ့သို့ ကွင်းဆင်းကောက်ယူမည်ကို စောင့်ကြည့်ရမည်ဟု ဒေသခံများနှင့် ရခိုင်အရေး စောင့်ကြည့်လေ့လာနေသူများက ဆိုကြသည်။
” ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်သူအစိုးရတောင် ရခိုင်တစ်ပြည်လုံးကို ရွေးကောက်ပွဲ မလုပ်ခဲ့နိုင်ဘူး။ အခုက အေအေကလည်း ထိန်းချုပ်မှုပိုများလာတယ်။ နောက်ပြီး ရခိုင်ပြည်သူတွေကလည်း စိတ်ဝင်စားမှုမရှိတော့ဘူးလေ” ဟု ရခိုင်ဒေသခံနိုင်ငံရေးသမားတစ်ဦးက MPA သို့ ပြောသည်။
သို့မဟုတ်ပါက ရက္ခိုင့်တပ်တော်(AA)နှင့် တစ်စုံတစ်ရာ အပေးအယူ သဘောတူညီမှုရှိမှ ကောက်ယူနိုင်မည်ဟုလည်း သုံးသပ်ပြောကြသည်။
ရက္ခိုင့်တပ်တော် (AA) ၏ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်မူ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် အေအေ၏သဘောထားကို သတင်းဌာနများက မေးမြန်းခဲ့ကြသော်လည်း တိကျသည့် မူဝါဒအဖြေများအား အေအေဘက်က မပေးခဲ့ပေ။
အာဏာသိမ်းစစ်ကောင်စီမှ ရခိုင်ပြည်အတွင်း လက်ရှိပြုလုပ်နေမှုများနှင့်ပတ်သက်ပြီး အေအေ၏ ပြောရေးဆိုခွင့်ရှိသူကို MPA က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမပြုသေးပေ။
မြန်မာစစ်တပ်သည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအနိုင်ရထားသည့် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အစိုးရသစ်အဖွဲ့ခင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းလိုက်သည်။
ထို စစ်အာဏာသိမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မဲမသမာမှုများပြုလုပ်ခဲ့သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အရေးပေါ်အခြေအနေကို ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု အကြောင်းပြထုတ်ပြန်ထားသည်။