အာဏာသိမ်းစစ်ကောင်စီကို အဓိက ဝင်ငွေရှာပေးနေ့သည့် ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း (A-1) တွင် တောင်ကိုးရီးယားအခြေစိုက် Posco International ကုမ္ပဏီက ဆက်လက်ရှာဖွေဆောင်ရွက်နေသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကမ်းလွန်လုပ်ကွက်အမှတ် (A-1) တွင် Shwe Project Subsea Structures and Pipelines Inspection လုပ်ငန်းများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်မည်ဟု စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့၊ မနေ့က ထုတ်ပြန်ကြေညာထားသည်။
ထို လုပ်ငန်းဆောင်ရွက်နေစဥ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက်ဟုဆိုပြီး လုပ်ကွက်ဧရိယာနှင့် လေးကီလိုမီတာပတ်လည်အတွင်း ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ၊ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ရန် ရေကြောင်းသတိပေးချက်လည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Posco International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် (A-1) တွင် Shwe Project Subsea Structures and Pipelines Inspection လုပ်ငန်းများအား MV.P ACIFIC RAPIER (Call Sign:9V5943) ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ဆောက်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုလုပ်ငန်းများ မပြီးပြတ်သေးသဖြင့် ဆက်လက်လုပ်ဆောင်ရန်အတွက် တူးဖော်မည့်တည်နေရာများ၌ ရေကြောင်းသတိပေးချက် (Notice to Mariners) ကို ထုတ်ပြန်ကြေညာကြောင်း ဖော်ပြထားသည်။
” သူတို့က ထုတ်ပြန်ကြေညာတယ်ဆိုပေမယ့် ဒေသခံတွေကိုတော့ အသိပေးတာ မရှိပါဘူး။ နောက်ပြီး သူတို့အဲဒါတွေ လုပ်ကတည်းက ဒေသခံငါးဖမ်းသမားတွေ အဲဒီအနီးအနားတောင် သွားခွင့်မရှိပါဘူး” ဟု ကျောက်ဖြူမြို့နယ်မှ ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက MPA သို့ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နိုဝင် ဘာလ ၂၆ ရက်နေ့က ရုတ်တရက် ယာယီအပစ်ရပ်ခဲ့ကြပြီး ယခုထုတ်ပြန်ချက်အရ ထိုကဲ့သို့ အပစ်မရပ်မီ နှစ်ရက်အလိုက ပြန်လည်စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။
ထို ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် A-1 နှင့် A-3 လုပ်ကွက်များရှိပြီး A-1 ၌ ရွှေနှင့်ရွှေဖြူလုပ်ကွက်တို့ ပါရှိကာ ထိုလုပ်ကွက်များအတွင်းမှ ဖွံ့ဖြိုးရေးတွင်း ၄ တွင်းစီကို Posco International က စီးပွားဖြစ်တူးဖော်နေခြင်းဖြစ်သည်။
စီမံကိန်းကို Posco International ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားကုမ္ပဏီ KOGAS က ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယအခြေစိုက် ONGC နှင့် GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြန်မာပြည် ရွေးကောက်ခံပြည်သူ့အစိုးရကို စစ်တပ်က အာဏာသိမ်းပြီးနောက် စီမံကိန်းအများအပြားကို ပြန်လည်အကောင်အထည်ဖော်လာနေပြီး လက်ရှိနိုင်ငံရေး မတည်ငြိမ်သည့် အချိန်တွင် ယခုကဲ့သို့ တူးဖော်မှုများကို မလုပ်သင့်ကြောင်း ပြည်သူများ၊ စောင့်ကြည့်လေ့လာသူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကပင် ပြောဆိုကြသည်။
“ရွှေဂတ်စ်စီမံကိန်းက ရခိုင်လူမျိုးတွေအတွက် ဘာမှ အကျိုးဖြစ်ထွန်းတာမရှိခဲ့ဘူး။ ထုတ်စရာရှိတာအကုန်ထုတ်ပြီး ရောင်းစရာရှိတာအကုန်ရောင်းပြီးသွားပြီ။ ဒေသခံတွေမှာတော့ ဆိုးကျိုးတွေကိုပဲရကြတယ်”ဟု အမ်းမြို့နယ်ပိုက်လိုင်းရေးရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုမျိုးလွင်က ပြောသည်။
ထို ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းသို့ ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဓာတ်ငွေ့ပိုက်လိုင်းများဖြင့် ပို့လွှတ်ရောင်းချခဲ့ကာ စာချုပ်အရ နေ့စဉ် ကုဗပေ သန်း ၅၀၀ ကျော် ပို့လွှတ်နေကြောင်း သိရသည်။
မြန်မာပြည်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားလျှက်ရှိနေပြီး ထိုအဖွဲ့သည် လက်ရှိအချိန်တွင် နိုင်ငံခြားရေနံကုမ္ပဏီများမှတဆင့် စစ်အုပ်စုထံစီးဝင်နေသော နိုင်ငံခြားဝင်ငွေများကို ဖြတ်တောက်ပိတ်ဆို့နိုင်ရေး ကြိုးစားရာတွင် ပြည်သူလူထု၏ လှုပ်ရှားမှုများကို ပြသနိုင်ရေး Campaign များလည်း ပြုလုပ်လျက်ရှိသည်။