မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်း သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး အနံ့ထွက်မှ ရပ်ကွက်အတွင်းနေထိုင်သူများက သိရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ညောင်ကွဲရပ်ကွက်၊ အောင်သပြေရပ် ၁၀ လမ်း ၈၆ လမ်းနှင့် ၈၇ လမ်းအကြားရှိ နေအိမ်တစ်လုံးအတွင်း ဧပြီ ၁၁ ရက်၊ ညနေပိုင်းက အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ အရွယ်အမျိုးသားတို့ကိုရပ်ကွက်အတွင်းနေထိုင်သူများက သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ သူတို့ဆွေမျိုးတွေက ဖုန်းဆက်ကြည့်ကြပြီး မကိုင်တာကြောင့်ရော၊ ဘေးအိမ်တွေကနေ အနံ့ရကြတာကနေ လူကြီးကိုအသိပေးပြီး တံခါးဖျက်ဝင်တော့မှ သေနေမှန်းသိတာ။ အိမ်ထဲရောက်တော့ ပစ္စည်းတွေလဲရှုပ်ပွနေတယ်” ဟု အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်.
နေအိမ်အတွင်းသို့ဝင်ရောက်ကြည့်ရှုကြစဉ် သေဆုံးသူ ၃ ဦး၏ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရများရရှိခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ယနေ့၊ မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့ပြီးဖြစ်သော်လည်း လူသတ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
“ body တွေကတော့ ဒီနေ့ ၁ နာရီမှာပဲ သင်္ဂြိုဟ်ခဲ့တယ်ဗျ၊ ဖြစ်စဥ်ကတော့ ၁၀ ရက်နေ့လောက်ကဖြစ်တယ်လို့ပြောကြတယ်၊ တရားခံတွေကတော့ အခုထိစုံစမ်းနေတုန်းပဲလိုသိရတယ်” ဟု မီးသင်္ဂြိုဟ်ခြင်းအားပြုလုပ်ပေးခဲ့သည့် အောင်သပြေနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့အတူ ပြီးခဲ့သည့် ဧပြီ ၁၀ ရက်ကလည်း ပုသိမ်ကြီးမြို့နယ်အတွင်း အိုးဝေမောင်းသူအမျိုးသားတစ်ဦးက သတ်ဖြတ်ခံရပြီး အိုးဝေလုယက်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။