တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီဝင်းဝစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့်လာရောက်ဗုံးကြဲစဉ် တိုက်ပွဲကြောင့် အမှတ် ၈ လမ်းမပေါ်တွင် ရပ်နားနေသည့် ခရီးသွားယာဉ်တန်းပေါ်သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း T5-Wings တပ်ဖွဲ့၏ သတင်းပြန်ကြားတာဝန်ရှိသူက MPA ကိုပြောသည်။
ဝင်းဝစခန်းကုန်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် မတ်လ ၄ ရက်၊ ညနေပိုင်းတွင် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ Mi-2 အမျိုးအစားရဟတ်ယာဉ်တစ်စီး ပျံသန်းလာပြီး တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဗုံးကြဲတိုက်ခိုက်စဉ် ဗုံးသီးတစ်လုံးမှာ ခရီးသွားယာဉ်တန်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ ဆုံးသွားတဲ့ အဒေါ်ကြီးက မြိတ်၊ ကျွဲကူးက လို့သိရပါတယ်။ ကျန်တဲ့ထိခိုက်ဒဏ်ရာရသူတွေကလည်း နယ်ခံရွာသားတွေမဟုတ်ဘူးလို့ သိရပါတယ်” ဟု T5-Wings တပ်ဖွဲ့၏ သတင်းပြန်ကြားတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ ဝင်းဝစခန်းကုန်းအား မတ်လ ၄ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် (KNLA နှင့် PDF T5) ပူးပေါင်းဖွဲ့စည်းထားသော ဖယ်ဒရယ်စစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ၊ T5 Wings ၊ ဒေါင်းညီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ တိုက်ပွဲဖြစ်နေတဲ့ ဝင်းဝရွာမှာ ကားကနားနေတာမျိူးမဟုတ်ဘူး။ ဝင်းဝရွာမရောက်ခင် စုံစင်ဖျားရွာမှာ နားနေကြတာပါ။ တိုက်ပွဲပြီးခါနီးမှာပဲ လေယာဥ်တက်လာနေတဲ့ သတင်းရတော့ ကျွန်တော်တို့ဆုတ်လိုက်ရတာပါ။ ပြည်သူတွေရဲ့ကားကလည်း တိုက်ပွဲဖြစ်နေစဥ်မှာပဲ စုံစင်ဖျားရွာမှာ လမ်းဘေးမှာတန်းပြီးနေနေကြတာပါ။ နောက်လည်းမဆုတ်သွားပါဘူး။ တိုက်ပွဲပြီးမှ ဖြတ်မယ်ဆိုတဲ့ သဘောမျိူးနဲ့နေနေကြတာပါ” ဟု T5-Wings တပ်ဖွဲ့၏ သတင်းပြန်ကြားတာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တိုက်ပွဲဝင်ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ အဲ့ဒီနေ့က Mi-2 လေယာဉ်နဲ့ ဗုံးသီး ၁၂ လုံးလာချသွားတာပါ။ အဲ့ဒီစခန်းရရင်တော့ ကျွန်တော်တို့ သရက်ချောင်းအပိုင်းက တော်တော်လေး အိုကေသွားမှာပေါ့။ အဲ့ဒီစခန်းက အမှတ် ၈ လမ်းမပေါ်မှာပဲလေ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
ဝင်းဝစခန်းသည် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့ထားခြင်းကို လက်ရှိအချိန်ထိ ခံနေရပြီး ဝင်းဝစခန်းရှိ စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူဘက်တော်သားများအဖြစ် အလင်းဝင်လိုပါက ကောင်းမွန်စွာလက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်းလည်း T5 Wings က အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နှင့် ဖေဖော်ဝါရီလ ၂၁ ရက်တွင်လည်း အဆိုပါ စစ်ကောင်စီ၏ ဝင်းဝစခန်းကုန်းကို T5-Wings တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ၃ ကြိမ်တိုင် တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။