တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ ယနေ့ စတင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် လွတ်ရက်စေ့ အကျဉ်းသား ၂၅ ဦးကို လွှတ်ပေးခဲ့ကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။
အဆိုပါ လွတ်ရက်စေ့ အကျဉ်းသား ၂၅ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား အချို့လည်း ပါဝင်သည်ဟု ယနေ့ နံနက် မြိတ်အကျဉ်းထောင်အရှေ့ကို သွားရောက်ခဲ့သည့် မြိတ်ဒေသခံ တစ်ဦးက ပြောသည်။
မြိတ်ဒေသခံ တစ်ဦးက “ အခု ဒီနေ့မနက်က လွတ်ရက်စေ့ပြီး ထွက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အခြားအမှုတွဲနဲ့ လွတ်ရက်စေ့ အကျဉ်းသားတွေ ပါတယ် ” ဟု ပြောသည်။
၎င်း အကျဉ်းသား ၂၅ ဦးမှာ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
“ နိုင်ငံရေး အကျဉ်းသား ၁၉ ဦး ပါတယ်လို့ ပြောတယ်၊ တစ်တွဲတည်း ဖမ်းဆီးခံရတဲ့ သူတွေ ဖြစ်တယ် ” ဟု မြိတ်အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
လက်ရှိ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး သည် စစ်ကောင်စီက မြိတ်မြို့ပေါ်ရှိ သပိတ်စစ်ကြောင်း တစ်ခုတွင် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ပြီး ၎င်းတို့အား ပုဒ် ၅၀၅-(က) နှင့် ပုဒ်မ ၁၄၄ လူစုလူဝေး ပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ်ချခံရသူများဖြစ်ကြောင်း သိရ သည်။
#မြိတ် #အကျဉ်းထောင် #အကျဉ်းသား၂၅ဦး #ပြန်လွှတ် #MPA