ထိုင်းနိုင်ငံ ခရီးစဉ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာနိုင်ငံ၏ အကျပ်အတည်းများ အဆုံးသတ်ရန်အတွက် တရုတ်နှင့် အာဆီယံက တွန်းအားပေးရန်လိုအပ်ကြောင်း ယမန်နေ့က အသိပေးပြောကြားခဲ့သည်။
အန်တိုနီဘလင်ကန်သည် ထိုင်းခရီးစဉ်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သလို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မြန်မာလူငယ် ၆ ဦးနှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးမှုတွင် လူငယ်များ၏ နွေဦးတော်လှန်ရေးအပေါ် အတွေးအမြင်များကို မျှဝေခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၊ အာဏာသိမ်းမှုအပြီး ပညာရေးအခြေအနေများ၊ ယခုထိအားကောင်းနေဆဲ ဖြစ်သည့် ပညာရေး CDM ဆရာဆရာမများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများ၏ အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာရေးအစီအစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု နွေဦးတက္ကသိုလ်က အသိပေးထားသည်။
ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မိတ်ဖက်များက များမကြာမီကာလအတွင်း မြန်မာနိုင်ငံတွင်းမှ အင်တာနက်မရရှိသော နေရာဒေသများရှိ မြေပြင်ပညာရေးသင်ကြားနိုင်မည့် နည်းလမ်းများအတွက် ကူညီနိုင်သည်များကို အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟုဆိုသည်။
Eurasiareview သတင်းဌာန၏ ဖော်ပြချက်အရ အန်တိုနီဘလင်ကန်အနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းများ အဆုံးသတ်ရန်အတွက် တရုတ်နှင့်အာဆီယံက တွန်းအားပေးသင့်ဟု ဆိုသည့်အပြင် “အမေရိကန်ပြည်ထောင်စုဟာ ထိုင်းနိုင်ငံအပြင် အာဆီယံနိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဘုံအချက်ငါးချက်ကို ဖြည့်ဆည်းပေးရန်အတွက် မြန်မာစစ်အစိုးရကို တွန်းအားပေးဖို့၊ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့အတွက် တွန်းအားပေးနေပါတယ် ” ဟု ပြောကြားခဲ့သည် ဟုဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိအချိန်ထိ အာဆီယံ ဘုံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော် မလုပ်ဆောင်သည့်အပြင် မြန်မာပြည်သူလူထုအပေါ် ဆက်လက် ဖိနှိပ်နေ၍ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ဆော့ခွန်း၏ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက်တွင် ၎င်းက မြန်မာ့အကျပ်အတည်းကို ကုစားရန် ဆေးစွမ်းကောင်းမရှိကြောင်း အသိပေးပြောကြားမှုပင် ရှိခဲ့သည်။
ထို့ကြောင့်လည်း ပရက်ဆော့ခွန်း၏ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးပြီးနောက် ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် မြန်မာစစ်ကောင်စီကို ဖိတ်ကြားမည် မဟုတ်ကြောင်း အသိပေးထားခဲ့ပြီး မြန်မာနိုင်ငံအရေးကို ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကြမ်းဖက်စစ်ကောင်စီဘက်က လိုက်နာမှု အားနည်းလွန်းသောကြောင့် ယခုလို မဖိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းသည်။
#အမေရိကန် #တရုတ် #မြန်မာ #အာဆီယံ #အကြမ်းဖက်စစ်ကောင်စီ #MPA