လုပ်ငန်းခွင်မှ မစွန့်ခွာသူ နိုင်ငံ့ဝန်ထမ်းအများစုသည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အစောပိုင်းကာလများတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည်ဟု ဆိုသည်။
မြန်မာ့နွေဦးတော်လှန်ရေးသည် အရှိန်ကောင်းကောင်းနှင့်ပင် ဆက်လက် စီးဆင်းလျက်ရှိသည်။ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း အချိန်ကာလ ၂ နှစ်ပြည့်ရန် လအနည်းငယ်သာ လိုတော့သည်။
ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း နေရာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ အာဏာရှင်ကို တော်လှန်နေသည့် အရှိန်က မပြတ်ဘဲ ရှိနေသည်။ ထိုကဲ့သို့ အရှိန်များသည် မတရားမှုကို လိုလားမှု မရှိရာမှ ပေါ်ပေါက်လာခဲ့သည်။
ကဏ္ဍအရပ်ရပ်မှ မတရားမှုကို တော်လှန်ရင်း အစောပိုင်းကာလတစ်ခုမှ ယခုအထိ အာဏာရှင်တော်လှန်သူများ၏ အသံများသည် အမျိုးမျိုးအဖုံဖုံ ရှိခဲ့ကြသည်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ နောက်ဆုံးထွက်ရှိထားသည့် စစ်တမ်းတစ်ခုအရ လက်ရှိ နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM ပါဝင်ခဲ့သူများနှင့် CDM မလုပ်သူများ၏ အသံတချို့ကို သိရှိခွင့်ရခဲ့သည်။
၎င်းတို့ဆီမှ နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ အမျိုးမျိုးသော ယုံကြည်ချက်များ၊ သုံးသပ်ချက်များ၊ ခံယူချက်များနှင့် ၎င်းတို့အတွက် မဖြစ်မနေဆိုသည့် အချက်များ ပါဝင်လာသည်။ ထိုပုဂ္ဂိုလ်များသည် အလွှာစုံမှ ဖြစ်ကြသည်။
အထက်ပါ သုတေသနအဖွဲ့က လုပ်ငန်းခွင်မှ မစွန့်ခွာသူ နိုင်ငံ့ဝန်ထမ်းများကို ရည်ရွယ်ပြီး ပြုလုပ်ခဲ့သည့် အွန်လိုင်းစစ်တမ်းတစ်ခုအရ လူ ၂၅ ဦး၏ အမြင်များကို သိရှိခဲ့သည်။ ထိုထဲတွင် စစ်တမ်း ဖြေဆိုသူ အမျိုးသား ၇၂ ရာခိုင်းနှုန်းနှင့် အမျိုးသမီး ၂၈ ရာခိုင်နှုန်းပါဝင်သည်ဟု ဆိုသည်။
တစ်နည်းအားဖြင့် စစ်တမ်းကို အမျိုးသား ၁၈ ဦးဖြေဆိုခဲ့ပြီး အမျိုးသမီး ၇ ဦး ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ဖြေဆိုသူများထဲတွင် ပါရဂူ ၁ ဦး၊ ဘွဲ့ရ ၁၆ ဦး၊ ဘွဲ့လွန် ၃ ဦး၊ ဒီပလိုမာ ၄ ဦးနှင့် အသက်မွေးပညာ ၁ ဦး ပါဝင်သည်ဟု အသိပေးထားသည်။
စစ်တမ်းဖြေဆိုသူ အများစုသည် အာဏာသိမ်းပြီးနောက် အစောပိုင်းကာလ ဆန္ဒပြပွဲများတွင် လိုက်ပါကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်ဟုဆိုပြီး အချို့မှာ လုပ်ငန်းခွင်မှ စွန့်ခွာရန် ကြိုးစားခဲ့သော်လည်း ထိုစဉ်က ကိုယ်ရေးကိုယ်တာ အခက်အခဲများကြောင့် အခွင့်အလမ်းမရခဲ့ကြောင်း ဖြေဆိုကြသည်။
အစောပိုင်းတွင် CDM ပြုလုပ်ပြီး အချိန်ကာလတစ်ခုသို့ ရောက်ရှိလာသည့်အခါ CDM ဘဝမှ စွန့်ခွာပြီး စစ်ကောင်စီလက်အောက် ပြန်ရောက်သွားသူများလည်းရှိကြသည်။
စစ်ကောင်စီကို လက်နက်ကိုင်ပြီး မတော်လှန်သော်လည်း မြန်မာ့နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်စိတ်ဖြင့် အစိုးရဝန်ထမ်းဘဝမှ CDM ပြုလုပ် နုတ်ထွက်ကာ မတရားမှုကို တော်လှန်သူများနှင့် CDM မပြုလုပ်သူများမှာလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စစ်ကောင်စီ လက်အောက်တွင် ဆက်လက်တော်လှန်နေကြပါသည်။
စစ်ကောင်စီလက်အောက်က မထွက်သော်လည်း အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြသည့်သူများ၊ CDM များနှင့် တော်လှန်ရေးဖြစ်စဉ်များကို အားပေးပံ့ပိုးကူညီနေသည့် အသိုင်းအဝိုင်းများလည်းရှိကြသည်။
တစ်ဘက်တွင်လည်း CDM မပြုလုပ်သူများကို အပြစ်တင်ပြောဆိုမှုများ ရှိနေသေးသလို CDM ပြုလုပ်ရန် ဖိအားပေးမှုများလည်း ရှိနေသည်။ ယင်း၏ နောက်တွင် CDM မပြုလုပ်သူများ၏ ဖြေရှင်းချက်များသည် အထက်တွင် ဖော်ပြထားသည့် အခက်အခဲများကို ညွှန်းဆိုကြပြန်သည်။
CDM ပြုလုပ်သူများ၏ ခံယူချက်များသည်လည်း ရှင်းရှင်းလင်းလင်းပင်ရှိကြသည်။ စစ်ကောင်စီ၏ အုပ်ချုပ်မှု၊ မမျှမတဆက်ဆံခံရမှုများနှင့် ဒီမိုကရေစီကို သွေဖျည်သည့် လုပ်ရပ်များကို မကြိုက်ကြသည့်အတွက် ၎င်းတို့လက်အောက်မှ စွန့်ခွာကြသည်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ စစ်တမ်းအရ စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်ရသည်မှာ အပြစ်ရှိသည်ဟု ခံစားရသည့်အတွက် ယင်းသို့ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။ CDM မလုပ်သည့် ဖြေဆိုသူအချို့ထဲတွင်လည်း ပါတီစွဲကြောင့် CDM မလုပ်ကြသည့် အခြေအနေများလည်းရှိနေသည်။
CDM ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်မျိုးသန္တာက “ကျမတို့ မြန်မာပြည်ကြီး အခုလို မငြိမ်းမချမ်းဖြစ်နေရတဲ့ အဓိက တရားခံက စစ်တပ်ပါပဲ” ဟု CDM ပြုလုပ်ခဲ့ပြီးနောက် ပြတ်ပြတ်သားသားဖြင့် သူ၏ ခံယူချက်ကို MPA သို့ ပြောပြဖူးသည်။
ခံယူချက်များ ပြင်းပြနေသည့် သူသည်လည်း ယခင်အာဏာမသိမ်းခင်က အထက်တန်းကျကျ နေထိုင်နိုင်သည့် အလွှာတွင် ပါဝင်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုင်ဆိုင်မှုများနှင့် မိသားစုများကို စွန့်လွှတ်ကာ CDM ပြုလုပ်ပြီး လက်ရှိတွင် ခက်ခဲစွာဖြင့် ရုန်းကန်နေရသည်။
မည်သို့ဆိုစေ၊ လက်ရှိတွင် မြန်မာ့နွေဦးတော်လှန်ရေးက ၂ နှစ်ပြည့်မြောက်ရန် လအနည်းငယ်သာ လိုတော့သည်။ တော်လှန်ရေးအရှိန်သည်လည်း ဆက်လက်ပြီး ပြင်းထန်နေဆဲဖြစ်သည်။
“လက်ရှိ CDM ပြုလုပ်သူတွေအတွက် ယုံကြည်ချက်တွေ အားကောင်းလာဖို့ရယ်၊ မလုပ်သေးတဲ့သူတွေလည်း ထပ်မံပြီး ပါဝင်လာဖို့ဆိုရင် NUG အစိုးရကလည်း အခုထက် ပိုမိုတဲ့ ကူညီရေးလမ်းကြောင်းတွေ ပြုလုပ်သင့်ပါတယ်”လို့ နာမည်မဖော်ပြလိုသည့် CDM ဆရာမတစ်ဦးက MPA သို့ ပြောပြသည်။