တရုတ်နိုင်ငံသို့ အဓိကထားရောင်းချနေရသည့် ဖရဲသီးများသည် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပိတ်နေသဖြင့် ဖရဲစိုက်တောင်သူများ အရှုံးကြီးမားနေကြောင်း ဖရဲစိုက်တောင်သူများထံမှသိရသည်။
ယခင်က တရုတ်နိုင်ငံသို့အဓိကကုန်စည်ပို့ဆောင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်လမ်းပိတ်ထားသော်လည်း မိုင်းလားနှင့် လွယ်ဂျယ်လမ်းကတစ်ဆင့် သွားရောက်ရောင်းချ၍ရသော်လည်း ယခုအဆိုပါလမ်းများပါပိတ်ထားသဖြင့် ဖရဲသီးများ အခင်းအတွင်းမှာပင် ပစ်ထားရသည့်အခြေအနေဖြစ်နေကြောင်း ဗန်းမော်မြို့ရှိ အသက် ၃၀ အရွယ် ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။
“ဝယ်မယ့်သူကို မရှိတော့ဘူး။ လမ်းဖွင့်ပါစေပဲ ဆုတောင်းနေရတယ်၊ အခု ဖရဲသီးတွေက အခင်းထဲမှာကွဲတဲ့အလုံးတွေကကွဲနေပြီ၊ နောက်တစ်ပတ်လောက်မှ လမ်းမပွင့်ရင်တော့ အပျက်အစီးအရမ်းများသွားပြီ၊ အရင်နှစ်တွေက လမ်းတွေဖွင့်တော့ ဖရဲဈေးကောင်းတဲ့အချိန်ဆို အမြတ်များတယ်၊ ဈေးမကောင်းတဲ့အချိန်ဆိုရှုံးတာပေါ့၊ ဒါပေမယ့် ခုလောက်မရှုံးဘူး။ အခုက ရောင်းလို့ကိုမရတာ”ဟု ၎င်းကရှင်းပြသည်။
ဓာတ်မြေဩဇာ၊ ဓာတုဆေးဝါးနှင့် စိုက်ပျိုးစရိတ်သွင်းအားစုပစ္စည်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ဖရဲတစ်ဧကလျှင်ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၃၀ အထိရှိကြောင်း ပဲခူးတိုင်း၊ အင်းမမြို့ရှိ အသက် ၄၀ အရွယ် ဖရဲစိုက်တောင်သူတစ်ဦးက ဆက်လက်ပြောသည်။
“အစ်ကိုတို့က တရုတ်ကိုပဲအားထားရောင်းရတာ၊ အခုမူဆယ်လမ်းကလည်းပိတ်ထားတာကြာပြီ၊ ကုန်သည်တွေက ဆင်းကိုမဝယ်တော့တာ၊ မြို့ထဲချရောင်းတဲ့ ကုန်သည်လေးတွေပဲ နည်းနည်းပါးပါးလာဝယ်တာရှိတယ်၊ အစ်ကိုအခုစိုက်ထားတဲ့ ဘာဟူဘာလီသီးဆို ၁၈ လက်မ ၂ ပိဿာကျော်တဲ့ ၁ လုံးမှ တစ်ထောင်ကျော်ပဲရောင်းရတာ၊ ဒါတောင်နည်းနည်းပါးပါးပဲ ရောင်းရတာ၊ အခင်းပြတ်မရောင်းရဘူး။ မနှစ်က တစ်လုံးသုံးထောင်၊ လေးထောင်လောက်ရောင်းရတယ်၊ အခုမရောင်းရတော့ရှုံးတာပေါ့ ၁ ဧက သိန်း ၂၀ အနည်းလေးရှုံးတယ်၊ အစ်ကိုတို့အင်းမဘက်က ဖရဲအစိုက်များတယ် အနည်းဆုံးဧက ၃၀၀ လောက်ရှိတယ်”ဟု ၎င်းကဆိုသည်။
ရက်ရှည်အထားမခံသည့်ဖရဲသီးများဝယ်ယူပြီးပါက အကြောင်းအမျိုးမျိုးကြောင့်လမ်းကြောင်းပိတ်ဆို့ခြင်းများဖြစ်ပေါ်ပါက အရှုံးကြီးမားသောကြောင့် ကုန်သည်အများစုမှာ မဝယ်ယူရဲတော့ကြောင်း ကုန်သည်တစ်ဦးက ဆက်လက်ပြောသည်။
“ဖရဲသီးက လမ်းမှာ အရမ်းကြာလို့မရဘူး။ ရက်ကြလာရင် အကုတ်ပုတ်ကုန်လို့ လမ်းဘေးမှာဒီတိုင်းထားခဲ့ရတာ၊ ကားခတွေကလည်း အခုဈေးတွေတအားတက်သွားတာ သိန်း ၁၀၀ ဝန်းကျင်လောက်ထိ ဖြစ်သွားတာ၊ ဖရဲကမြတ်ရင်လည်း တခြားသီးနှံတွေနဲ့မတူဘူး အမြတ်ကြီးတယ်၊ ရှုံးပြီဆိုလည်း မွဲအောင်ကိုရှုံးတာ၊ အခုနိုင်ငံရေး အခြေနေကမကောင်းတော့ အဲဒီလောက်အရင်းနှီးကြီးတဲ့အလုပ်မလုပ်ရဲကြတော့ဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။
ဖရဲစိုက်ပျိုးသည့်တောင်သူများအပြင် ဂေါ်ဖီ၊ ပန်းမုံလာ၊ ငရုတ်၊ ခရမ်းချဉ်သီး စသည့် သီးနှံစိုက်ပျိုးသူများမှာလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပိတ်နေသဖြင့် ယခုနှစ်တွင် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။