ရိုးမဘဏ် ဒေဝါလီခံရန်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဗဟိုဘဏ်လက်အောက်ရှိ မည်သည့်ပုဂ္ဂလိဘဏ်မှ ဒေဝါလီခံစရာမရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က ပြောသည်။
လတ်တလော ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်တွင် ရိုးမဘဏ်ဒေဝါလီခံတော့မည်ဟု သတင်းများ ထွက် ပေါ်ခဲ့ပြီးနောက် ဗဟိုဘဏ်တာဝန်ရှိသူက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
” ယခင်လည်း ကျွန်တော်တို့ထုတ်ပြန်ပြီးသားပါ။ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှစိုးရိမ်စရာ မရှိပါဘူးဆိုတာကိုလည်း နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအတိုင်းပါဘဲ။ ဘဏ်တွေကဘာမှဒေဝါလီခံစရာ အကြောင်းလည်းမရှိပါဘူး” ဟု ဗဟိုဘဏ် ဒုဥက္ကဌဦးဝင်းသော်က MPAသို့ တရားဝင်ပြောသည်။
ယခင်ရက်ရှည်ရုံးပိတ်ရက် ၃ပတ်တာကာလအတွင်း ဘဏ်များ ဝန်ဆောင်မှုပေးနိုင်ရန် ဖွင့်လှစ်ခိုင်းထားပြီး ယင်းသို့ဝန်ဆောင်မှုပေးနေရာမှ ဘဏ်များတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ၍ ယခုတိုးမြှင့်ခဲ့သည့် ရုံးပိတ်ရက်တပတ်တွင်ဘဏ်များကိုပါ ထည့်သွင်း၍ ပိတ်ပေးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ရိုးမဘဏ်သည် ပုဂ္ဂလိကဘဏ်များ ကနဦး တည်ထောင်စဥ်ကပင် စတင်တည်ထောင်ထားသည့် သက်တမ်းရှည် ဘဏ်တခုဖြစ်ပြီး လက်ရှိသုံးစွဲမှုများပြားနေသည့် Wave money၊ ဆောက်လုပ်ရေး၊ ချေးငွေလုပ်ငန်း၊ တင်ဒါလုပ်ငန်းများအပါအဝင် လုပ်ငန်းအများအပြားဖြင့် ချိတ်ဆက် ဆောင်ရွက်နေသော ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။