ယခုနှစ်တွင် စက်သုံးဆီအကန့်အသတ်နှင့်သာ ဝယ်ယူရရှိခြင်း၊ ယခင်နှစ်ကထက် ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် နွေစပါးစိုက်ခင်းများအတွက် ရေသွင်းရန် အခက်အခဲရှိသဖြင့် စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းတွင် နွေစပါး စိုက်ပျိုးသူ နည်းပါးနေကြောင်းသိရသည်။
“ ခေါက်ချိုးနီးပါးတက်တယ်။ ပြီးခဲ့တဲ့နှစ်က တစ်လီတာကို ၁၀၀၀- ၂၀၀၀ ကျော်ဝန်းကျင်ပဲရှိတယ်လေ၊ အခုက ၄၀၀၀ ကျော်သွားပြီ၊ အစကတော့ ဆောင်းစပါး (နွေစပါး) လုပ်မယ့်သူတွေက တော်တော်များတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကြတော့ တစ်နိုင်တစ်ပိုင်လောက်ပဲ လုပ်ကြတော့တယ်” ဟု အိမ်မဲမြို့နယ်ရှိ စပါးစိုက်တောင်သူတစ်ဦးကဆိုသည်။
၎င်း၏ပြောကြားချက်အရ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် လေးဂါလံပါသော ဒီဇယ်တစ်ပုံးလျှင် ကျပ် ၆၆၀၀၀ ခန့်ပေးဝယ်နေရသဖြင့် တစ်ဂါလံလျှင် ၁၆၅၀၀ကျပ်ခန့် ကျသင့်နေရာ ငွေကြေးတတ်နိုင်သော တောင်သူကြီး တစ်ချို့သာ နွေစပါးစိုက်ပျိုးနိုင်တော့မည်ဟု သိရသည်။
“ လုပ်ငန်းရှင်အကြီးကြီးတွေ၊ တောသူဋ္ဌေးလိုမျိုး ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ မလျှော့ဘူး။ အခုမှ အဲ့ဒီစပါးက စကိုင်နေတုန်းဆိုတော့ ဘယ်လောက်လျှော့တယ်၊ ဘယ်လောက်တိုးတယ်တော့ မသိရဘူးပေါ့။ မတ်ပဲပြန်ကြဲ လိုက်တဲ့ သူတွေလည်း ရှိတယ်။ ခန့်မှန်းခြေကတော့ ဧက ၁၀၀လောက် စိုက်နေကြကနေ ၇၅ဧကလောက်ပဲ စိုက်တော့မှာပေါ့။ အနိမ့်ဆုံး ၂၅ရာခိုင်နှုန်းလောက်တော့ လျော့ကျသွားတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။
နွေစပါးစိုက်ပျိုးရာတွင် ဆည်မြောင်းနှင့် ချောင်းများထဲမှ ရေမကြာခဏတင်၍ စိုက်ပျိုးရသဖြင့် စပါးအစား ရေတင်ရန် သိပ်မလိုအပ်သော မတ်ပဲနှင့် ငရုတ်များကို ယခုနှစ်တွင် ပိုမိုစိုက်ပျိုးကြသည်ဟု စုံစမ်းသိရှိရသည်။
“ နှစ်စဥ်နှစ်တိုင်းလည်း ပဲနဲ့စပါးကို နှစ်မျိုးလုံး စိုက်ကြတာရှိတယ်။ အစားထိုးပြီးတော့ စိုက်မယ်ဆိုရင်လည်း သူတို့ အတွက်က အဆန်းတကြယ်မဟုတ်တော့ဘူး။ ပဲကကြတော့ ရေသွင်းစရာမလိုဘူးလေ၊ မတ်ပဲလည်း ဈေးကောင်း တာကိုး” ဟု ဆန်စပါးရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ထို့ပြင် ဧရာ၀တီတိုင်း၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ ဓနုဖြူ၊ မအူပင်၊ ပန်းတနော်၊ အိမ်မဲ စသည့် မြို့များ၌ ယခုနှစ် တွင် စပါးအစား မတ်ပဲကို ဦးစားပေးစိုက်မည့်သူများပြားသဖြင့် စပါးစိုက်ဧကများ လျော့နည်းနေကြောင်း ၎င်းက ပြောသည်။
“ မိုးနဲ့နွေနဲ့ဆိုရင် စိုက်ဧကက မိုးက အများကြီးများတယ်။ အရင်တုန်းက မှတ်ထားဖူးသလောက်ဆို မိုးမှာဆိုရင် ဧက ပေါင်း ၁၆သန်းကျော်ရှိတယ်။ နွေက ၅သန်းဝန်းကျင်လောက်ပဲရှိတယ်။ မိုးစပါးမှာလည်း စပါးက ပိုပိုလျှံလျှံကြီး မပေါဘူး။ မိုးမှာ အထွက်နှုန်းနည်းထားတာကို နွေမှာလည်း စိုက်ဧကက ထပ်နည်းဦးမယ်ဆိုရင် စိုးရိမ်စရာပဲ” ဟု ဆန်စပါးရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက သုံးသပ်သည်။
ယခုကဲ့သို့ နွေစပါးစိုက်ဧကများ လျော့နည်းခြင်းကြောင့် နွေစပါးပေါ်ချိန်တွင် ဆန်ဈေးကွက်၌ ရိုက်ခတ်မှု အနည်း နှင့်အများရှိနိုင်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။
တစ်ဘက်တွင်လည်း မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် The Perpetual ကုမ္ပဏီတို့ပူးပေါင်းပြီး နွေစပါးစိုက်ပျိုးရေးအတွက် တစ်ဧကလျှင် ဒီဇယ် လေးဂါလံနှုန်းဖြင့်ရောင်းချပေးရန် စီစဥ်နေသည်ဟု သိရှိရသည်။