စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အဝင်ရှိ ဆိုင်ခန်း၅၀ကျော်ကို တစ်ပတ်အတွင်း မဖျက်လျှင် မီးရှို့ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်သွားကြောင်း သိရသည်။
အောက်တိုဘာ၃၀ရက်၊နံနက်၁၀နာရီခန့်တွင် စစ်သား၊ရဲနှင့်ပျူစောထီး ၁၅ဦး ကျော် လက်နက်အပြည့်အစုံဖြင့်ရောက်လာကာ အထက်ပါအတိုင်း ခြိမ်းခြောက်သွားခြင်းဖြစ် ကြောင်း ဇီးကုန်းဒေသခံတစ်ဦးကပြောသည်။
“ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ပြီး ပြောတာပါပဲ။ သူတို့ကပြောတာကတော့ အချိန်တစ်ပတ်အတွင်း အကုန်ဖယ်ပေးရမယ်။ မဖယ်ပေးရင် မီးရှို့ပစ်မယ်’‘ ဟု ၎င်းက MPA သို့ပြောသည်။
ဆိုင်ခန်းပိုင်ရှင်များက ဇီးကုန်းမြို့မရဲစခန်းသို့သွားကာ မြေနေရာအစားထိုးပေးရန် အသနားခံစာ တင်ခဲ့ရာဇီးကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူက ဆိုင်ခန်းများကို အထက်အမိန့်အရ ဖယ်ရှားခိုင်းရ ခြင်းဖြစ်ပြီး မြေနေရာ အစားထိုးပေးမည့်အစီအစဉ်မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဒေသခံ အချို့ထံက သိရသည်။
” ဒီလိုအချိန်အခါကြီးကို ဖယ်ခိုင်းတာ ဘယ်နေရာကို သွားရောင်း လုပ်ကိုင်ရမလဲ မသိဘူး။ စျေးရောင်းရတာကလည်း အဆင်ကမပြေဘူး။ နောက်ကလည်း မိသားစုကရှိသေးတယ်။ အခက်အခဲကတော့ အများကြီးဖြစ်တာပေါ့။ ဆိုင်ခန်းဖျက်ရင် လက်သမားခ ၊ သစ်တွေ၊ သွပ်တွေတင်ဖို့ ထော်လာဂျီတို့ သုံးဘီးနဲ့ သယ်ရမှာ။ ဖယ်မပေးရင်လည်း အဆုံးဆိုတော့ ဘယ်လိုတတ်နိုင်မှာလဲ” ဟု ၎င်းကပြောသည်။
ဆိုင်ခန်းများမှာ အပ်ချုပ်ဆိုင်၊ဓာတ်ဆီ (အသေးစား)အရောင်းဆိုင်၊အထည်ဆိုင်၊စက်ပစ္စည်းအရောင်းဆိုင်နှင့်ကုန်မာ ဆိုင်တို့ဖြစ်ပြီး ဆိုင်ဖွင့်ထားသည်မှာ ၁၀နှစ်ခန့်ကြာပြီဖြစ်သည်။
ဒေသတွင်းတော်လှန်ရေးသတင်းများ ဖော်ပြနေသော Infinity Group ၏ တာဝန်ရှိသူက ” အဓိကကတော့ ပြည်သူလုထုကို သက်သက်မဲ့ အကျပ်အတည်းဖြစ်အောင် လုပ်တာပဲဗျ။အဲ့ဆိုင်ခန်းတွေဆိုတာကလည်း အခြေခံလူတန်းစားအများစုပဲ ပိုင်ကြတာ” ဟု ပြောသည်။
ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်နှင့် ဇီးကုန်းတို့သည် ပျူစောထီးအင်အားကောင်းသည့် မြို့နယ်များဖြစ်ပြီး ပျူစောထီးခေါင်းဆောင် မဘသ ဘုန်းကြီး ဝါသဝ လှုပ်ရှားနေသော နယ်မြေဖြစ်သည်။