ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီတပ်အား ညီနောင်မဟာမိတ် ၃ဖွဲ့ မှ တိုက်ခိုက် နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ယနေ့ (အောက်တိုဘာ ၃၀ရက်)၊ ညနေ ၆နာရီ ၃၀မိနစ်ခန့်က စတင်ပြီး မူဆယ်မြို့၊ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီတပ်အား ညီနောင်မဟာမိတ်၃ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဒီနေ့ ညနေ ၆နာရီ ကျော်လောက်ကတည်းက မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ်၃ဖွဲ့က စတိုက်နေတာ၊ မူဆယ်နဲ့ အရမ်းနီးနေပြီ၊ ဒရုန်းနဲ့ ဗုံးသီးတွေ ချပြီး တိုက်နေတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ညီနောင်မဟာမိတ်၃ဖွဲ့မှ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက်၊ စစ်ကောင်စီနှင့် အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း မူဆယ်မြို့၊ ၁၀၅ မိုင်နေ ဒေသခံတစ်ဦးက ပြောသည်။
“ အခုထိတော့ မူဆယ်မြို့ထဲ မရောက်သေးဘူး။ ၁၀၅မိုင်ကသူတွေကတော့ အိမ်ထဲပဲ ပုန်းနေကြတယ်။အိမ်အပြင် မထွက်ဘူး။လက်နက်ကြီးသံတွေရော၊ သေနတ်ပစ်သံတွေရော ဆက်တိုက်ကြားနေရတာ။ မူဆယ်မြို့ထဲကနေလဲ ကြားရတယ်။ မိုင်းယုနဲ့ ဗျူဟာကုန်းမှာလည်း ပစ်နေကြတယ်” ဟု ၎င်းက ပြောသည်။
မူဆယ်မြို့နေ ဒေသခံများအနေဖြင့် တိုက်ပွဲများပြင်းထန်လာမည်ကို စိုးရိမ်နေကြပြီး၊ ဘေးလွတ်ရာသို့ ရှောင်တိမ်းသူ အနည်းငယ်သာရှိကြောင်း မူဆယ်မြို့တွင်း နေသူတစ်ဦးက ပြောသည်။
“ အခုက မူဆယ်မြို့နဲ့ တော်တော်နီးနေပြီ။ ၁၀၅မိုင်ကို သိမ်းနိုင်ပြီလို့တော့ မကြားသေးဘူး။ လေကြောင်းလာ တယ်လို့လဲ မကြားမိဘူး။ မူဆယ်က ရပ်ကွက်အချို့တော့ မီးတွေပျက်နေပြီ။ လမ်းပေါ်ထွက်တဲ့သူကတော့ နည်းနည်းပဲ ရှိတယ်။တော်တော်များများကတော့ အိမ်ထဲမှာဘဲ၊ ပစ်သံတွေကတော့ တော်တော်နီးကိုကြားနေရတာ၊ဗုံးကွဲသံတွေ လည်း ကြားရတယ်” ဟု ၎င်းက ပြောသည်။
ယခုလ ၂၇ ရက်မှစတင်ကာ ညီနောင်မဟာမိတ်၃ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့၌ ထိုးစစ်ဆင်ကာ စစ်ကောင်စီကိုတိုက်ခိုင်နေခြင်းဖြစ်ပြီး၊ ချင်းရွှေဟော်၊ သိန္နီ၊ နောင်ချို၊ ဖောင်းဆိုင်မြို့များကို ထိန်းချုပ် ထားနိုင်သည့်အပြင်၊ စစ်ကောင်စီတပ်စခန်း ၇၀ခန့်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။