တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ စစ်ကောင်စီ၏ ပကာရီကျေးရွာရဲစခန်းကို Dawei Defense Team-DDT (ထားဝယ်-ပကဖ) အဖွဲ့မှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DDT အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။
ယမန်နေ့ (သီတင်းကျွတ်လပြည့်နေ့) ည ၇ နာရီခွဲခန့််တွင် အဆိုပါရဲစခန်းကို (ထားဝယ်-ပကဖ) အဖွဲ့မှ ရဲဘော်များက လက်နက်ကြီး ၁၂၀ မမ ဗုံးသီး (၃) လုံး၊ လက်နက်ကြီး ၈၁ မမ ဗုံးသီး (၃) လုံး စုစုပေါင်း ဗုံးသီး (၆) လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
” ကျတော်တို့က ရဲစခန်းအတွင်းမှာ ရှိတဲ့ စကစ တပ်တွေကို အဝေးကနေ လှမ်းထုတာဆိုတော့ အခက်ခဲတော့မရှိပါဘူး။ သူတို့ဘက် ထိခိုက်မှု အခြေအနေကတော့ မသိရသေးဘူး။ ရဲစခန်းအတွင်းက သူတို့ အင်အားကတော့ ပုံမှန်မရှိဘူး။ တစ်ခါတလေ ၂၀ လောက်ရှိတယ်။ တစ်ခါတလေ ၃၀ လောက်ရှိတယ်” ဟု DDT အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ကောင်စီရဲစခန်းကို Dawei Defense Team-DDT အဖွဲ့မှ ကိုယ်ပိုင်ထုတ်လုပ်ထားသည့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအတွင်း အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
“ ကျတော်တို့ ဘက်က ပစ်ပြီးတာနဲ့ သူတို့ဘက်ကလည်း ၁၂၀ မမ ၃ လုံးနဲ့ရော လက်နက်ငယ်နဲ့ရော ပြန်ပစ်ပါတယ်။ ကျတော်တို့ ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများကို စုံစမ်းမေးမြန်းရာ ” အရှေ့တောဒေသမှာ မနေ့ကဖြစ်စဉ်ကြောင့် စစ်ရှောင်ကြရတာမျိုးတော့ မရှိပါဘူးခင်ဗျ။ စကစဘက်က စစ်ကြောင်းထိုးတာမျိုးဆိုရင်တော့ ယာယီစစ်ရှောင်ကြရပြီး အခြေအနေ ပြန်ငြိမ်ရင် အဲ့ဒီက ဒေသခံတွေ ကိုယ့်အိမ်ကိုယ် ပြန်နေကြပါတယ်။ ကျတော်တို့ ဒီလအတွက် တနင်္သာရီဒေသတစ်ခုလုံးရဲ့ စစ်ဘေးရှောင် ဒေတာတွေကိုတော့ စုနေတုန်းပါ” ဟု ဒေါနတနင်္သာရီအဖွဲ့၏ မြေပြင်နှင့်ဆေးအဖွဲ့တာ၀န်ခံ ကိုယောနသံက ပြောသည်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စက်တင်ဘာလ တတိယအပတ်၌ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ၅ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများကို စစ်ကောင်စီတပ်များမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုများရှိခဲ့ပြီး အဆိုပါ တိုက်ပွဲကြောင့် အရှေ့တောဒေသမှ ဒေသခံပြည်သူ ၂,၀၀၀ ခန့် ယာယီစစ်ဘေးရှောင်ခဲ့ရကာ စက်တင်ဘာနောက်ဆုံးအပတ်အထိ အမြဲတမ်းစစ်ဘေးရှောင်ရသည့် ပြည်သူ ၃၀၀ ကျော် ကျန်ရှိနေသေးကြောင်း ဒေါနတနင်္သာရီအဖွဲ့၏ မှတ်တမ်းကောက်ယူဖော်ပြထားချက်အရ သိရှိရသည်။