BY MPA 011
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းသို့ စစ်တပ်ကလေယာဉ်ဖြင့်ဗုံးကျဲနေပြီး လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိနေကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းကစတင်ကာ ဗိုလ်မှုး အယ်ဆေးဝါးဦးဆောင်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်း၊မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေသဖြင့် ကော့ကရိတ်မြို့ တံတားဦးကျေးရွာသို့ကျခဲ့သော လက်နက်ကြီးကျည်ကြောင့် ဒေသခံတစ်ဦး သေဆုံးသွားကြောင်းလည်း ဒေသခံတို့အဆိုအရသိရသည်။
“မနက်ကတည်းက လေယာဉ်တွေနဲ့ အဆက်မပြတ်ပစ်နေတယ် ။အခြေအနေကတော့ အတော်ဆိုးတယ်။ မြို့ထဲအထိ ချနေကြတာ။ စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ဆိုသလိုပစ်နေတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ကော့ကရိတ်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနောက်ဘက်ရှိ ဝန်ထမ်းအိမ်ယာအနီး တိုက်ပွဲများဖြစ်နေပြီး ပိတ်မိနေသော ပြည်သူများလည်းရှိကြောင်း ဒေသခံတို့ထံမှသိရသည်။
“လမ်းမပေါ်က ဆိုင်တွေအများစုပိတ်ထားကြတယ်။တချို့လည်းဗုံးခိုကျင်းထဲမှာပဲနေကြတယ်။လူသွားလူလာကတော့ မရှိတော့ပါဘူး” ဟု ဒေသခံတဦးကလည်း အသိပေးပြောဆိုသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ဒေသခံပြည်သူလူထု စိုးရိမ်းပူပန်မူများဖြစ်နေကြသည်ဟု MPA က စုံစမ်းသိရှိရသည်။