ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာထိခိုက်သေဆုံးသူများရှိကြောင်း သိရ သည်။
နိုဝင်ဘာလ ၂၁ရက်နေ့၊နံနက် ၉နာရီ ၁၅မိနစ်ခန့်က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုပေါ်သို့ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မနေ့က စစ်တပ်က လေကြောင်းနဲ့ ကြဲသွားတာ။၁၀လုံးလောက်ရှိမယ်ထင်တယ်။သေဆုံးသူတွေလည်း ရှိတယ်။တိတိကျကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၁၁ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူများလည်း ရှိကြောင်း ဒီးမော့ဆိုအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ စစ်ရှောင်စခန်း ထိခိုက်သေဆုံးမှုကများတယ်။ဒီးမော့ဆိုဘက်ခြမ်းရဲ့ နေရာတွေကစကစဘက်မှာရှိပြီးသား။ဒီးမော့ဆိုမှာ စစ်ကောင်စီကလေယာဉ်ဗုံးကြဲလို့ သက်ကြီးရွယ်အိုတွေနဲ့ ပရဟိတဆရာမတစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့တွင်း၌ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံပြည်သူများသည် ဒီးမော့ဆိုမြို့နယ်နှင့် လတ်တလော ဘေးကင်းနေသေးသည့် မြို့နယ်များသို့ ရှောင်တိမ်းနေကြသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယား(ကရင်နီ)ပြည်နယ်အပြင်ဘက်သို့ တိမ်းရှောင်ကြသူများလည်းရှိလာကြောင်း Kayah Women’s Organization မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ထွက်ပြေးတိမ်းရှောင်ရင်း လက်နက်ထိမှန် သေဆုံး ၊ ဒဏ်ရာရတဲ့သူတွေလည်းအများအပြားရှိသလို အိုးအိမ်ပျက်စီးဆုံးရှုံး ကြရတဲ့ ပြည်သူတွေလည်းအများရှိပါတယ်။အဲ့ဒါကြောင့် စစ်ရှောင်လာတဲ့သူတွေအတော်များများစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံတွေ့ရတဲ့ သူတွေရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ထားပြီး မြို့တွင်းတိုက်ပွဲသည်လည်း နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။