ထိုင်း-မြန်မာ နယ်စပ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ယမန်နေ့မှစတင်ကာ နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ထိုင်းဘက်ခြမ်းသို့ ၀င်ရောက်လာကြသည့် မြန်မာစစ်ဘေးရှောင်များ ပိုမိုများပြားလာနေကြောင်း သက်ဆိုင်ရာ ထိုင်းဘက်တာဝန်ရှိများထံမှ သိရသည်။
ထိုင်းဘက်ခြမ်းရှိ ဘေးလွတ်ရာနေရာများဖြစ်သော ထာ့စိုင်းဂိတ်တွင် မြန်မာစစ်ဘေးရှောင် ၉၇၆ ဦး၊ ထာ့ကျဲကိုင်ဂိတ်တွင် မြန်မာစစ်ဘေးရှောင် ၁၀၉၆ ဦး၊ ထာ့လူးစနယ်ဂိတ်တွင် မြန်မာစစ်ဘေးရှောင် ၂၁၄ ဦး၊ နောင်ဘိုးဝါးဒဲ (ကြာနီနွားခြံ) တွင် မြန်မာစစ်ဘေးရှောင် ၃၄၄ ဦး၊ ထာ့ ၃၄ ဂိတ်တွင် မြန်မာစစ်ဘေးရှောင် ၄၁၃ ဦး၊ စုစုပေါင်း စစ်ဘေးရှောင်အရေအတွက် (၃၀၄၃) ဦးရှိပြီးဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းဘက်ခြမ်းရှိ လုံခြုံရာ အဆိုပါနေရာများသို့ ရောက်ရှိလာကြသည့် မြန်မာစစ်ဘေးရှောင်များအတွက် အစားအစာ၊ သောက်ရေနှင့် ဆေးဝါးများကို ထိုင်းဘက်က စီစဉ်ပေးထားသော်လည်း စစ်ရှောင်လူဦးရေ ဆက်တိုက်များပြားလာသည့်အတွက် သောက်ရေ အခက်အခဲဖြစ်နေကြောင်း သိရှိရပြီး ကလေးငယ်များအတွက် စောင်၊ အခင်းနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။
“ ထပ်ထပ်ဝင်လာနေပါတယ်။ သောက်ရေ အရမ်းလိုအပ်ပါတယ်။ ကလေးငယ်လေးတွေအတွက် စောင်၊ အခင်း လိုပါတယ်။ တစ်ကိုယ်ရေသုံး လိုပါတယ်” ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်ဦးရေ ဆက်တိုက်များလာသောကြောင့် သောက်သုံးရေ လှူဒါန်းလိုသူများအနေဖြင့် မဲဆောက်ခရိုင် ကြက်ခြေနီသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း ထိုင်းဘက်တာဝန်ရှိများက ပြောသည်။
ယနေ့ နံနက်ပိုင်း၌ နယ်ခြားသောင်ရင်းမြစ် ထိုင်းဘက်ခြမ်း ဟွေ့ဘုန်းရွာတွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်သောင်တင်နေကြသည့် မြန်မာစစ်ဘေးရှောင်အချို့ကို ထိုင်းဘုန်းတော်ကြီးတပါးနှင့် နောက်ပါကပ္ပိယများက စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့သေးကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် လူသားခြင်းစာနာမှုအရ မြန်မာစစ်ဘေးရှောင်များကို ယခင်ကလည်း ယာယီခိုလှုံခွင့်ပြုထားပြီး တိုက်ခိုက်မှုများမရှိတော့လျှင် နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးလေ့ရှိပြီး ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာကြသော ယင်းမြန်မာစစ်ဘေးရှောင်များသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအပိုင်မှ ဖြစ်သည်။