စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်ရှိ မင်းရွာ ၊ ပန်းရွာနှင့် မွေ့တုံရွာ တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များ က ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် ရွာလုံး ကျွတ်မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ရာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမည်မဖော်လိုသူ ပန်းရွာသားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ဇန်နဝါရီ ၁ ရက်နေ့က ဖြစ်ပျက်ခဲ့တာလေးကို ပြောပြပေးပါဦး။
ဖြေ။ ။ ဇန်နဝါရီ (၃၁) ရက် မနက် (၁၀) နာရီ ထိုးလောက်မှာသူတို့က မြိုင်မြို့နယ်က ရွာတစ်ရွာကနေ ပုလဲနယ် မွေ့ထုံ ကျေးရွာကို စစ်ကြောင်းချီလာတယ်။ မြေပုံအရဆိုရင် ကျနော်တို့ ပုလဲ မြို့နယ် နဲ့ မြိုင်မြို့နယ်ကြားသည် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဆိုသော်ငြားလည်း နယ်မြေခြင်း ထိစပ်နေတယ်ပေါ့။ မြိုင်မြို့နယ်မှာ ရှိတဲ့ ကျနော်တို့ တပ်ရင်း စစ်ကြောင်းမှုးနာမည်တွေကို စုံစမ်းဆဲပါ။ စစ်ကြောင်းချီလာထဲက သူတို့ ရည်ရွယ်ချက် ကြိုတင်ပါတယ်။ ဒါကိုလည်း ကျနော် ပြောလို့ရတယ်။ လွန်ခဲ့တဲ့ အဲ့ဒီမတိုင်ခင် (၂) ရက် အလိုမှာ ပုလဲမြို့နယ် ပျူစောထီးသင်တန်းဖွင့်တဲ့ အင်မထီးကျေးရွာကို ဒေသခံ PDF တွေကသွားရောက်ပြီး တိုက်ခိုက်တယ်။ တိုက်ခိုက်တော့ သူတို့မှာ တိုက်ခံရတဲ့အခါ ထွက်ပေါက်တစ်ခုရအောင် ရွာကိုမီးနဲ့ရှို့တယ်။ လေယာဉ်ပစ်ကူတွေလာတော့ အဲ့ညတုန်းကကျနော်တို့ ဒေသခံတွေ လေယာဉ် ပစ်တာတွေ ခံရတဲ့ အနေအထား ရှိတယ်။ အဲ့ဒါကို သူတို့က တစ်ဖက်က PDF ကမီးရှို့လို့ ပြန်လုပ်ရပါတယ်ဆိုပြီး လက်စားချေချင်တဲ့သဘောမျိုးနဲ့ မွေ့တုံကျေးရွာကို(၁၀:၃၀) လောက်ရောက်တယ်။ ရောက်ပြီးတော့ ည (၇း၃၀) ကစပြီး မွေ့တုံကျေးရွာကို မီးစပြီး မီးတင်ရှို့တယ်။ အကြောင်းမဲ့ပါ။ ဘာမှ ဘယ်သူမှ ဘာမှ မလုပ်ဘူး။ အဲ့ဒီမှာ မီးရှို့တယ်။ မီးရှို့ပြီးတော့ ကျနော်တို့ မွေ့တုံရွာက မိတ်ဆွေတွေ ကို လှမ်းမေးတော့ တစ်ရွာလုံး နီးပါးလောက် ကုန်တယ်။ အဲ့ဒီကနေ မွေ့တုံနဲ့ ပန်းရွာက (၂) မိုင်လောက်ဝေးတယ်။ ပန်းရွာကို(၁၂) နာရီလောက်မှာ ရောက်လာပြီးတော့ (၁၂း၃၀) လောက်မှာ ကျနော်တို့ ပန်းရွာကျေးရွာကို မီးရှို့တယ်။ မီးရှို့သွားတဲ့ အနေအထားမှာ ဒေသခံတွေပါ ပူးပေါင်းတယ်လို့ ယူဆရတဲ့ လက္ခဏာတွေတွေ့တယ်။ တော်လှန်ရေးမှာ တက်ကြွ စိတ်အားထက်သန်တဲ့ လူတွေပဲ ရွေးပြီးတော့ ရှို့သွားတဲ့ အနေအထားတွေရှိတယ်။ အကြောင်းမဲ့ပါ။ ပန်းရွာဆိုတာလည်း ဘာမှ မလုပ်ဘူး။ ဒီအပေါ်မယ်သူတို့လာတယ်။ တစ်ရွာလုံး ထွက်ပြေးရတယ်။ သူတို့ မွေ့တုံရောက်ကတည်းက ဒီဘက်တော့ လာနိုင်တယ်ဆိုပြီး အကုန်လုံး ထွက်ပြေးနေကြတာပေါ့နော်။ ထွက်ပြေးရာကနေ ပန်းရွာကိုလာတယ်။ ဘယ်သူမှလည်း ခုခံတာ မရှိဘူး။ ကျနော်တို့ရွာ ခုခံခြင်းလည်း ဘာမှ မရှိဘူး။ အကြောင်းမဲ့ အားလုံးကို အိမ်တွေ ရွေးပြီးတော့ မီးရှို့သွားတယ်။ မနက် (၄) နာရီ လောက်ကျတော့ သူတို့ မီးရှို့တာကို ရပ်သွားတယ်။ နေ့ခင်းပိုင်းတော့ တနယ်ရွာကို ထွက်သွားတယ်။ ဖြစ်စဉ်ကတော့ အဲ့ဒါ အကျဉ်းချုံးပေါ့နော်။
မေး။ ။ပထမဆုံး မီးရှို့ခံရတဲ့ မွေ့တုံရွာမှာ အိမ်ခြေ ဘယ်လောက်လောက်ရှိပါသလဲ။
ဖြေ။ ။ မွေထုံရွာက အိမ်ခြေ (၂၀၀) ကျော်ရှိတယ်ဗျ။ အိမ်ခြေ (၂၀၀) ကျော်ရှိတဲ့အနေအထားမှာ အိမ်ခြေ (၁၈၅) အိမ်လောက် မီးကျွမ်းသွားတယ်ဗျ။ အိမ်ခြေဆိုတာ အိမ်ထောင်စု (၁၈၅) စုလောက် လုံးဝ ပြာကျသွားတယ်။ အိမ်ခြေ (၁၈၅) အိမ်ဆို အိမ်အလုံးပေါင်း တစ်အိမ်ထောင်စု တစ်အိမ်ထောင်စုဆိုရင် မီးဖိုချောင်၊ ဂိုဒေါင် တခြားဟာနဲ့ (၂) လုံး (၃) လုံးလောက်ရှိတယ်ဗျ။ အိမ်အလုံးပေါင်း (၃၀၀) ကျော် (၄၀၀) လောက် ပြာကျသွားတာပေါ့။
မေး။ ။ ပန်းရွာကရော အိမ်ခြေ ဘယ်လောက်လောက် ရှိပါသလဲ။
ဖြေ။ ။ ပြည်ထဲရေးမှာက ပန်းရွာရယ် အောက်ကျင်းရယ် ပျော်ဘွယ်ရယ် လက်ပံလှရွာဆိုပြီး (၄) ရွာနဲ့ ဖွဲ့စည်းထားတဲ့ ရွာဆိုပြီး အမည်ပေါက်တဲ့ ရွာဖြစ်တယ်။ အခု မီးရှိ့ခံရတာက အောက်ကျင်းရွာ နဲ့ပန်းရွာပေါ့။ အဲ့ဒီမှာ မီးရှို့သွားတယ်။ ခုနက ဒေသခံတွေ ပါတယ်ဆိုတဲ့ အကြောင်းပြချက်က အဲ့ဒါပေါ့နော်။ ပျော်ဘွယ်ဆိုတဲ့ရွာက တစ်ဖက် စစ်ကောင်စီအားပေးတဲ့ ရွာလို့ သူတို့ ယူဆထားတယ်။ သို့သော် အကုန်လုံး မဟုတ်ပါဘူး။ ဒီလက်ပံလှဆိုတဲ့ ရွာက နည်းနည်းလေး ကွဲနေတဲ့ ရပ်ကွက်လေးတွေပေါ့။ ပန်းရွာတစ်ရွာလုံးမှာ အိမ်ခြေ (၈၀၀) ဝန်းကျင်လောက် ရှိပါတယ်။ မီးလုံးဝ လောင်ပြီး ပြာကျသွားတဲ့ အနေအထားက (၁၅၅) မိသားစုလို့ ယူဆရတယ်။ အိမ်အလုံးပေါင်းက (၃၀၀) ကျော်လောက် လုံးဝပြာကျသွားတယ်။
မေး။ ။ လူအသေအပျောက်နဲ့ ဒဏ်ရာ ရရှိမှုတွေရော ရှိပါသေးလား။
ဖြေ။ ။ လူအသေအပျောက်မရှိပါဘူး။ ဒါပေမယ့် ကျွဲ ၊နွား၊ဝက်၊ ခွေး စတဲ့ တိရစ္ဆာန်တွေအများကြီး မီးလောင် ပျက်စီး သေကြရပါတယ်ဗျ။ အင်မတန်မှကို ရင်နာစရာ ကောင်းပါတယ်ဗျ။
မေး။ ။ ပြည်သူတွေက မီးရှို့ ဖျက်စီး ခံရတဲ့ အခါ ဘယ်နေရာတွေကို သွားရောက် နေရပါသလဲ။
ဖြေ။ ။ ကျနော်တို့ရွာဆိုတော့ တောတွေကို အခြေပြုလုပ်ကိုင်နေရတယ်ပေါ့။ ပြည်သူတွေက လက်ရှိ မီးရှို့ ဖျက်စီး ခံရတဲ့ အခါမှာ တောထဲကို သွားပြီးတော့ မိုးကာတဲ ယာယီတဲ လေးတွေ စုဖွဲ့ပြီးတော့ နေရတယ်။ လောလောဆယ်မှာ မိုးကာတဲက မိုးကာလည်း ပြည့်ပြည့်စုံစုံ မရှိပါဘူး။ အိမ်မှာ တခြား မီးလောင် မခံရတဲ့ အိမ်တွေ ကနေ မိုးကာလေးဘာလေး ခဏတဖြုတ်ငှားရမ်း အဲ့ဒါကနေပဲ လုပ်ကိုင်နေရတယ်ပေါ့။ မိုးကာ အသစ်ရယ်လို့လည်း မသယ်နိုင်ပါဘူးဗျ။ ထွက်ပြေးရတာ တချို့ဆို စောင်တောင်မှ ခက်ခဲပါတယ်ဗျ။ စားစရာ၊ သောက်စရာဆိုတာတော့ ကျနော်တို့တောတွေဆိုတော့ ကျန်တဲ့ ကျေးရွာကနေ လာပြီးတော့ ဆန်၊ဆီ လှူတာတွေနဲ့ စားနေရတယ်။
မေး။ ။ စစ်ဘေးရှောင်နေရတဲ့ လူဦးရေ ဘယ်လောက်လောက်များ ရှိနေပါသလဲ။
ဖြေ။ ။ ကျနော်တို့မှာ အဲ့ဒီ စစ်ကြောင်းက ကျနော်တို့ ရွာကနေ တနယ်ကျေးရွာကို သွားတဲ့ အနေအထားမှာ ပြန်ဝင် လာမလားဆိုပြီး ရှောင်နေရတဲ့ အနေအထားရှိတော့ စစ်ဘေးရှောင်နေရတဲ့ လူဦးရေက ရွာရဲ့ တစ်ဝက်လောက် အိမ်ခြေ တစ်ဝက်လောက်ထိ လူဦးရေ (၂၅၀၀) လောက်ထိရှောင်နေရတယ်။ ဒါပေမယ့် အခုမှာတော့ အိမ်ကျန်တဲ့သူတွေကတော့ ကိုယ့်အိမ်လေးတွေကို ပြန်နေပြီ။ ကျန်တဲ့ မီးရှို့ခံထားရတဲ့ လူအားလုံးကတော့ တောတွေထဲမှာပဲ ဖြစ်သလို ချမ်းချမ်းစီးစီးနေ နေရတယ်ဗျ။ အမိုးအကာ လုံးဝ အချို့ဆို မရှိပါဘူးဗျ။ သစ်ပင်တွေအောက် အိပ်ရပါတယ်ဗျ။
မေး။ ။ ကိုယ်ဝန်ဆောင်၊ အသက်ကြီး ဘယ်လောက်နဲ့ ကလေးသူငယ် ဘယ်နှစ်ဦးခန့်ရှိနေပါသလဲ။
ဖြေ။ ။ ကိုယ်ဝန်ဆောင်ရှိတဲ့ အနေအထားကတော့ ကျနော်တို့ ပျှမ်းမျှအနေအထား တနေရာထဲ နေနေရတာ မဟုတ်တော့ ပျှမ်းမျှအနေအထားနဲ့ပြောရမယ်။ လူဦးရေ (၅၀) လောက်ဝန်းကျင်ရှိတဲ့ အမျိုးသမီးတွေမှာ တစ်ဦးနှုန်းလောက် အနည်းဆုံး ကိုယ်ဝန် လက်ရှိ လွယ်ထားရတဲ့ အနေအထားတွေ ရှိနေပါတယ်။ သက်ကြီးရွယ်အိုကလည်း တစ်အိမ်ထောင်ကို (၅) ယောက်လောက်ရှိတဲ့အနေအထားနဲ့ အသက် (၆၀)နဲ့ အထက် (၇၀) နဲ့အထက် (၈၀) နဲ့အထက် က တစ်အိမ်ထောင်ကို (၁) ဦး (သို့မဟုတ်) (၂) ဦးလောက် ရှိတဲ့ အနေအထားမှာ အခုပြောတဲ့ (၁၅၁) အိမ် (သို့မဟုတ်) (၁၅၂) အိမ်နဲ့ မြှောက်လို့ ရပါတယ်။ အဲ့ဒါဆိုရင် ကျနော်တို့ အသက်ကြီးရွယ်အို (၃၀၀) ဝန်းကျင် လောက်ရှိတယ်။ ကလေးတွေက ဒီ (၂) နှစ်အောက် ကလေးတွေကလည်း (၁၀၀) ဝန်းကျင်လောက်ပါမယ်ဗျ။ လုံးဝ နို့စိုအရွယ် ကလေးလေးတွေကလည်း တကယ့် လသား ရက်သားလေးတွေကို အများကြီး တချို့ဆို မီးဖွားရင်းတန်းလန်း မီးတွင်း တန်းလန်း မီးနေသည် အမျိုးသမီး မိခင်တွေကို ပါပါတယ်ဗျ။
မေး။ ။ ဦးလေးရဲ့ အိမ်အခြေအနေကရော ဘယ်လိုရှိပါသလဲဗျ။
ဖြေ။ ။ ကျနော်တို့ အိမ်မှာ မိသားစု (၅) ယောက်ရှိပါတယ်။ အဲ့အထဲမှ အသက် (၈၆) နှစ် ဝန်းကျင် ရှိတဲ့ အဘွား တစ်ယောက်ရှိပါတယ်။ တကယ်ကို အသက်ကြီးပါပြီ။ ကျန်တဲ့ မိသားစု (၄) ယောက်ရှိ ပါတယ်။ အိမ်ကတော့ ကျနော်တို့ ဆောက်ထားတဲ့ ဥစ္စာ ကာလ တန်ကြေး အတွင်း ပစ္စည်းတွေ ရောဆိုရင် သိန်း (၇၀၀) လောက်တန်ဖိုး ရှိပါတယ်ဗျ။ အိမ်တန်ဖိုးရော၊ တခြား အဆောက်အဦး တွေရော ပရိဘောဂတွေရောပေါ့နော်။ ဒီပေါ်မယ် ပြန်ရတဲ့ ဥစ္စာကတော့ မရှိပါဘူး။ ကျနော်တို့ ရှောင်ရင်း တိမ်းရင်း ဒီလောက်ထိ လုပ်မယ်လို့လည်း မထင်ဘူး။ အဘွားအတွက် ဆေးဝါး အချို့ရယ်၊ ကျန်တဲ့ အရေးပါ် ထည့်ထားတဲ့ ဆေးအိတ်ရယ် အခြောက်အခြမ်းစားစရာ အိတ်ရယ် စောင်ထုပ်ရယ်။ ဒါပဲပါပါတယ်။ အဝတ်အစားတောင်မှ မကျန်ဘူးဗျ။
မေး။ ။ အင်မထီးရွာမှာက ပျူစောထီးတို့ရွာလို့ ပြောလို့ရသလား။
ဖြေ။ ။ အင်မထီးရွာကတော့ အခံကတော့ ပျူစောထီး သင်တန်းရှိတယ်ဗျ။ စစ်ကောင်စီဘက်ကနေ ပုလဲနယ်က အင်တိုက် အားတိုက် တော်လှန်ရေးမှာ လုပ်ဆောင်နေတဲ့ အနေအထားတွေ ရှိတဲ့အခါကျတော့ စစ်ကောင်စီက သူတို့ရဲ့ အမာခံလို့ ယူဆတဲ့ အင်မထီးရွာကို ခြေကုတ်ယူပြီးတော့ လွန်ခဲ့တဲ့ (၂) ပတ်ကျော်လောက်ကတည်းက ပျူစောထီး သင်တန်းဖွင့်နေတယ်လို့ ဒေသခံတွေ အနေနဲ့ သိရတယ်ပေါ့။ အဲ့ဒီရွာက အားလုံးသော အင်မထီး ရွာသူ၊ ရွာသားတွေကတော့ ပျူစောထီးက မဟုတ်ပါဘူး။ ဒီထဲမယ် ဟိုတနေ့က အကြောင်းမဲ့ မီးရှို့ခံလိုက်ရတဲ့ စစ်ကောင်စီ အကြောင်းမဲ့ မီးရှို့သွားတဲ့ အိမ်တွေ ရှိတယ်။ အစောကြီးကတည်းက အင်မထီးရွာမှာ စစ်ကောင်စီ လုံးဝ မကြိုက်တဲ့ လက်မခံတဲ့ ရွာသူ၊ ရွာသားတွေ ရှိပါတယ်။ သူတို့ အသက် အန္တရာယ် စိုးရိမ်လို့ အစောကြီးကတည်းက စစ်ဘေးရှောင်နေရတဲ့ အနေအထားတွေ ရှိပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်တွေဆို အချိန် ကြာပါပြီ။ ကျနော်တို့ ဒေသခံ ရွာတွေတွေကနေ ကျွေးမွေး စောင့်ရှောက်ထားရတဲ့ အနေအထားတွေ ရှိပါတယ်။ အဲ့ဒီရှောင်နေတဲ့ ပြည်သူတွေကို အိမ်တွေ ဖျက်ဆီးတယ်။ ပစ္စည်းတွေ ယူထားတဲ့ အနေအထားတွေ ရှိပါတယ်။ အင်မထီး ရွာသူ၊ ရွာသား အားလုံး ပျူစောထီး မဟုတ်ပါဘူး။ ခုနတုန်းကပြောတဲ့ တခြားပြည်သူတွေလည်း အများကြီး ရှိပါတယ်ဗျ။
မေး။ ။ ပျူစောထီးသင်တန်းကရော လူဦးရေ ဘယ်လောက်လောက် တက်ရောက်နေတယ်လို့ သိရပါသလဲ။
ဖြေ။ ။ အင်မထီး ရွာခံကတော့ တော်တော်လေးပါတယ်လို့ ကြားသိရတယ်။ သူတို့ စစ်ကောင်စီဖက် တက်ကြွတဲ့သူ ကျနော်တို့ တနယ်ရွာ၊ လှော်ကားကျေးရွာ နွယ်လျှောက်ကျေးရွာ၊ ကိုင်းတွင်း ကျေးရွာ အင်းကန်တင်ကျေးရွာ၊ မင်းတိုင်ပင်က လူငယ် အချို့ တက်ရောက်နေတယ်လို့ ကြားပါတယ်။ ကျနော်တို့အင်အားကတော့ သူတို့ ဒီထဲမယ် လျှို့ဝှက်ပေးတဲ့ အနေအထားဆိုတော့ အတိအကျ ရဖို့ရာ ခဲယဉ်းပါတယ်ဗျ။ အင်အားများတယ်လို့တော့ မဆိုလိုဘူး။ သိပ်မများဘူးလို့လည်း ကြားတယ်။ သို့သော် အတိအကျ မသိဘူးဗျ။
မေး။ ။ စစ်အင်အား (၇၀၀) လောက်ရှိတယ်လို့ ပြောပါတယ်။ ဒီကနေ့မှာလည်း လေယာဉ်ပျံနဲ့ ဝဲနေတယ်လို့ လည်းပြောပါတယ်။ အဲ့သတင်းက အတည်ပြုလို့ ရပါသလား။
ဖြေ။ ။ အတည်ပြုလို့ ရပါတယ်ဗျ။ ရဟတ်ယာဉ်ကတော့ သူတို့ အင်မထီးရွာကို သူတို့ မြေပြင်ကနေ ကားတို့ မော်တော်ယာဉ်တို့ အသုံးပြုပြီး လာလို့ မရတော့ ရဟတ်ယာဉ်နဲ့ အင်မထီးရွာကို လာပါတယ်။ တစ်ခါတရံမှာ တချို့နယ်တွေမှာ အဲ့ဒီ (၃၀) ရက်မတိုင်ခင် ဖြစ်စဉ်ရက်မတိုင်ခင်မှာ (၂၉) ရက်နေ့မှာဆိုရင် ညကြီးမှာ ရဟတ်ယာဉ်တွေနဲ့ ဒေသခံတွေပေါ် လာပစ်တဲ့ အနေအထားတွေရှိပါတယ်။ အင်အားကတော့သူတို့ ကမ်းနောက်ဆိုတဲ့ ရဲစခန်းရှိတဲ့ နေရာရယ်၊ ပုလဲမြို့မှာရယ်၊ အင်မထီးရွာမှာရယ်၊ ဇီးဖြူကုန်းမှာရယ် စစ်ကြောင်း (၄) ကြောင်း (၅) ကြောင်းလောက် ထိုးနေတဲ့ အနေအထားမှာ လွန်ခဲ့တဲ့ရက်တွေကတော့ အင်အား (၇၀၀) လောက်ထိရှိပါတယ်။
မေး။ ။ စစ်ကောင်စီ နဲ့ ဒေသခံတွေ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ပါသလား။
ဖြေ။ ။ ဒီလောလောဆယ် အနေထားမှာ မရှိပါဘူးဗျ။ ကျနော်တို့ (၂၈) ရက်လား (၂၉) ရက်လား ကျနော်အဲ့ဒီ နေ့စွဲမေ့နေတယ်ဗျ။ အဲ့ဒီနေ့ မှာ ပျူစောထီးသင်တန်းရှိတဲ့ စခန်းရှေ့ သွားပြီးတော့ တိုက်ပွဲဖြစ်ပါတယ်ဗျ။ ထိတွေ့ တိုက်ပွဲ ဖြစ်ပါတယ်ဗျ။ ဒေသခံ PDFတွေက သွားတိုက်တာပါ။ အဲ့ဒီနေ့မှာပဲ သူတို့ အင်မထီးရွာကို လုံးဝ မီးရှို့ကြတယ်ပေါ့။ အင်မထီးရွာမှာလည်း မီးရှို့ခံရတဲ့ ပြည်သူတွေ ရှိပါတယ်ဗျ။ အဲ့ဒါကို သူတို့က တစ်ဖက်ကကျတော့ ဘာလုပ်ခဲ့တုန်းဆိုတော့ PDF အကြမ်းဖက်တွေ မီးရှို့ပါတယ်ဆိုပြီး နောက်နေ့ လူကယ်ပြန်ရော သတင်းတပ်ဖွဲ့တွေရောလာပြီးတော့ ဒီဟာကို ပုံရိပ်ယူပြီးတော့ မြဝတီတို့၊ MRTVတို့ကနေလွှင့်တယ်လို့ ကျနော်တို့ ကြားသိရပါတယ်ဗျ။ အမှန်တကယ်က စစ်ကောင်စီက ရှို့တာပါ။
မေး။ ။ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခံရသူ၊ ဒဏ်ရာ ရရှိသူတွေရော ရှိပါသလား။
ဖြေ။ ။ အဲ့ဒီနေ့မှာပဲ မွေ့တုံကလည်း (၂) ယောက်ဖမ်းလာတယ်။ ကျနော်တို့ ပန်းရွာကလည်း (၅) ယောက်လောက် အဖမ်းဆီးခံ ရတယ်လို့ ကြားသိရပါတယ်။ သို့သော် အဲ့သူတွေကို မနက်ပိုင်းမှာ ထိုးကြိတ်၊ ရိုက်နှက်ပြီးတော့ ပြန်လွှတ် တယ်။ အကောင်းတိုင်းတော့ မဟုတ်ပါဘူး။ ထိုးကြိတ် ရိုက်နှက်ပါသေးတယ်။ တော်တော်များများကို အဲ့ဒီကလေးတွေ လူငယ်တွေ ဒဏ်ရာ၊ ဒဏ်ချက်တွေ အများကြီးပဲဗျ။
မေး။ ။ လေယာဉ်နဲ့လား၊ ရဟတ်ယာဉ်နဲ့လား အတည်ပြုပေးပါဦး။
ဖြေ။ ။ သူတို့ ရဟတ်ယာဉ်နဲ့ လာတာပါဗျ။ ရဟတ်ယာဉ်နဲ့ လာပါတယ်။ ပြန်ပြီးတော့ ပစ်တဲ့ အနေအထားမယ် ရဟတ်ယာဉ် ပေါ်ကနေ ပစ်တဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် ပုံစံမျိုးလည်း ပါပါတယ်ဗျ။ လူသယ် ရဟတ်ယာဉ်လည်း ပါပါတယ်။
မေး။ ။ ပစ်တဲ့ အခါမှာ လက်နက်ကြီးတွေ ပါတယ်လို့ရော ပြောထားပါတယ်ဗျ။ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်ဗျ။ အဲ့ဒီ လက်နက်ကြီးတွေပါတဲ့ အနေအထားမှာ ကျနော်တို့ မြေပြန့် ၊ကန်ဘောက် ညောင်ကုန်း နားမှာ တစ်ချီ၊ အုန်းနောက်မှာ ဗိုလ်နဂါး အဖွဲ့ ၊ အဲ့ဒီ မြေပြန့်မှာပဲ လက်နက်ကိုင်တွေနဲ့ တစ်ချီ အဲ့ဒီ (၂၈) ရက်နေ့ ဝန်းကျင်လောက်မှာ ရဟတ်ယာဉ်နဲ့ လာပြီးတော့ တချီ ၊ နောက်ပြီးတော့ ပုထိုးသာ ကျေးရွာမှာ တချီ လက်နက်ကြီးတွေ သုံးတယ်။ (၄) ချီရှိပါပြီဗျ။
မေး။ ။ စစ်ဘေးရှောင်တွေ အဓိက လိုအပ်နေတဲ့ အရာက ဘာတွေ ဖြစ်မလဲ။
ဖြေ။ ။ အရေးတကြီး လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကျနော်တို့ ဆန်နဲ့ အခြေခံ စားသောက်ကုန်တွေတော့ အဓိက လိုအပ်တယ်။ သို့သော် ဒီဟာကတော့ ပတ်ဝန်းကျင်တွေ ကျေးရွာတွေက တကယ့်ကိုပါပဲ သူ့ရွာဖြစ်လည်းကိုယ်က လုပ်တယ်။ ကိုယ့်ရွာ ဖြစ်လည်း သူက ကူညီတယ်ဆိုတော့ အဲ့ဒါတွေကတော့ အရေးပေါ် ကူညီနေပါပြီ။ တောထဲမှာ ဆောင်းတွင်းဆိုတော့ ကျနော်တို့ ဒေသက အရမ်းလည်း အေးတဲ့အတွက်က စောင်တွေ လိုအပ်တယ်။ တချို့ဆို တပိုင် တနိုင်ပဲ သယ်ပြေးရတယ်ဆိုတော့ စောင်တွေလိုအပ်တယ်။ ကျနော်တို့ ကူညီမယ့် လူတွေကတော့ ဒီမှာ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒေသခံတွေ ကူညီမယ့်ကာလမယ် ဖြစ်ဖို့ကအတွက် ငွေသားကတော့ အကောင်းဆုံးပါဗျ။ ငွေသားက အကောင်းဆုံးဆိုတာကတော့ ဒီကာလတောက်လျှောက်ဆိုတော့ ကိုယ့်အိမ်ကိုယ်လည်း တင့်တင့်တယ်တယ် ပြန်မဆောက်နိုင်သေးဘူး။ ဆောက်ပြန်တော့လည်း နောက်တခါ ပြန်ရှို့နိုင်တဲ့ အနေအထား ရှိတဲ့အတွက် သူတို့ လက်ထဲမှာ အခြား ကျန်းမာရေးအရ သော်လည်းကောင်း အခြား အသုံးအဆောင်သော်လည်းကောင်း ငွေရှိမှသာလျှင် သူတို့ ရေရှည်ပြန်ပြီးတော့ ကုစားရာ ကျပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၀င်များ၏ မီးရှို့မှုကြောင့် ပန်းရွာ မီလောင်နေသည်ကို ဇန်နဝါရီ ၁ ရက်နေ့က ညပိုင်းကတွေ့ရစဉ်