စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီး ခြောက်လပြည့်နေ့တွင် အိမ်စောင့်အစိုးရ ဖွဲ့ပြီးနောက် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ ခန့်အပ်ရာတွင် စစ်တပ်မှ အသွင်ပြောင်းထားသူ အများစု ပါဝင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
အထူးသဖြင့် တိုင်းနှင့်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများ ခန့်အပ်ရာတွင် စစ်တပ်မှ အသွင်ပြောင်းထားသော တိုင်းနှင့်ပြည်နယ်မှ ရဲမှူးကြီးများ၊ ရဲမှူးချုပ်များ ပါဝင်ပြီး လူမှုရေး ဝန်ကြီးဌာနများတွင်လည်း ယခင်က စစ်ဘက်မှ လာသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များသာ ဖြစ်ကြောင်း သိရသည်။
မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းမှုကျူးလွန်ပြီး ခြောက်လမြောက်သောနေ့ သြဂတ်လ ၁ ရက်နေ့တွင် စစ်တပ်အရာရှိများ ပါဝင်သောအိမ်စောင့် အစိုးရဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ဝန်ကြီးဌာနများ အသီးသီးဖွဲ့စည်းကာ အဆိုပါဝန်ကြီးဌာန အသီးသီးတွင် စစ်တပ်မှအရာရှိများနှင့် စစ်တပ်မှ အသွင်ပြောင်းထားသည့်သူများကိုဝန်ကြီးနေရာများ ခန့်အပ်ထားခဲ့သည်ကို တွေ့ရသည်။
စစ်တပ်အနေဖြင့် တစ်နိုင်ငံလုံးတွင် ၎င်းတို့၏ သြဇာ သေချာစွာ မသက်ရောက်နိုင်သေးသည့် အချိန်တွင် အိမ်စောင့်အစိုးရဟူသော အသုံးနှုန်းဖြင့် အစိုးရသစ်ကို ချပြခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ အစိုးရဖွဲ့မှုအပေါ်တွင် စုဖွဲ့မှုကို လိုက်လံကြည့်ရှုပြီး ဝေဖန်ရန်မလိုဘဲ ရုံးပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် အလောတကြီးကြေငြာသည်ကို ကြည့်ရှုခြင်းဖြင့် စစ်တပ်သန္ဓေအပြည့်အဝ ပါဝင်သည်ကို တွေ့ရကြောင်း ဆန်းစစ်သူများက ဝေဖန်ကြသည်။
စစ်တပ်က ဖွဲ့စည်းသောအိမ်စောင့်အစိုးရတွင်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဝန်ကြီးချုပ်ဖြစ်လာပြီး အခြားဝန်ကြီးနေရာများကိုစစ်တပ်မှအရာရှိများကခန့်ထားသည်ကိုတွေ့ရသည်။မင်းအောင်လှိုင်သည် ဒီကနေ့မနက်ပိုင်းတွင်ပြည်သူလူထုကိုဝါဒဖြန့်မီဒီယာမှတစ်ဆင့်စကားပြောကြားခဲ့ပြီးဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးမည်ဟူသောစကားရပ်ကို အကြိမ်ကြိမ်သုံးနှုန်းခဲ့သည်။