ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ကျုံဒိုးတွင်ဖြစ်ပွားခဲ့သော မေလ တစ်လတာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင်စစ်သား ၃၀သေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့ကြောင်း ဂဠုန်စစ်ကြောင်း ကသတင်းထုတ်ပြန်သည်။
ကျုံဒိုးမြို့နယ်တွင် မေလ အတွင်း တိုက်ပွဲကြီး ၈ကြိမ်ဖြစ်ပွားခဲ့ပြီး ထိတွေ့မှုတိုက်ပွဲပေါင်း ၂၀ကျော် ရှိကြောင်း ဂဠုန်စစ်ကြောင်း၊သတင်းနှင့် ပြန်ကြားရေးအဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။
မေလအတွင်း ကျုံဒိုးမြို့၌ စစ်ကောင်စီတပ်စွဲထားသည့် လျှပ်စစ်ရုံး၊ ရဲစခန်းနှင့် ခမရ ၅၄၅၊ ၅၄၆ ဗျူဟာတို့ကို ဂဠုန်စစ်ကြောင်းနှင့် Spring UAV Force – G3 Fixed-Wing Drone အဖွဲ့က တိုက်ခိုက်ခဲ့သည်။
“ မေလ ၉ ရက် ၊၁၁ရက်၊၁၂ရက်၊ ၁၄ရက်၊ ၁၅ ရက် ၊၂၇ ရက်၊ ၂၉ရက်၊ ၃၀ရက် နေ့များမှာ မိမိတို့ စစ်ကြောင်းက တန်ပြန်တိုက်ခိုက်မှုပြုလုပ်နေစဥ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၁၂၀ (မမ) ဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ကျုံဒိုး- ကြာအင်းဆိပ်ကြီးလမ်းပိုင်းကို တောင်ကြာအင်းစံပြကျေးရွာအနီးတွင် စက်ယန္တရားများအသုံးပြုကာ လမ်းဖျက်ဆီးနေသော ခလရ (၃၄၃)တပ်မှ စစ်သားများအား ဂဠန်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၄ဦးသေပြီး မြေတူးစက် လက်နက်ကြီးထိမှန်ခဲ့ကြောင်း သိရသည်။
မေလတိုက်ပွဲများအတွင်း ဂဠုန်စစ်ကြောင်းရဲဘော်များ ထိခိုက်သေဆုံးမှုမရှိပေ။
မေလအတွင်း ကျုံဒိုး အခြေစိုက် ခမရ ၅၄၅ ၊ ၅၄၆ ဗျူဟာတို့မှ ကျေးရွာများသို့ အကြောင်းမဲ့လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ကမ်းနီရွာသား တစ်ဦး သေဆုံးခဲ့ပြီး ညောင်ရိပ်သာရွာမှ တစ်ဦး၊ ကော့ကာရွာနှင့် အနီးတစ်ဝိုက်မှ ပြည်သူ (၉) ဦး တို့ ဒဏ်ရာရရှိခဲ့ကာ အိုးအိမ်အဆောက်အုံများ ပျက်စီးထိခိုက်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားသည်။