By MPA CJ 023
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အတွင်း လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖမ်းဆီးသွားသော ကိုယ်အင်္ဂါမသန်စွမ်းသည့် စစ်ရှောင်အမျိုးသားကို စစ်ကောင်စီတပ်က သတ်သွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ တပ်ရင်း ၄ ရင်းပေါင်းပြီး စစ်ကြောင်းထိုးနေစဥ် စစ်ရှောင်နေသည့် ခြေတဖက်ပြတ်နေသော အသက် ၅၀ ဝန်းကျင်ရှိ ဦးဝင်းဌေးနှင့် လူငယ်တစ်ဦးတို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကြောင်း တောင်ငူခရိုင် PDF ၃၅၀၁တပ်ရင်း တပ်ခွဲ-၂ ထံက သိရသည်။
မေလ ၂၉ ရက်နေ့ ညနေ ၄နာရီခွဲဝန်းကျင်က သပြေညွန့်ကျေးရွာအနီး တောစပ် တစ်နေရာတွင် ဦးဝင်းဌေး၏ ရုပ်အလောင်းကို နားထင်၌ သေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ဖမ်းသွားတဲ့နေ့ကတည်းက သူ့မိန်းမက လိုက်ရှာနေတာ။၃ရက်လောက်ကြာမှ ကျနော်တို့ကိုအကူအညီတောင်းလို့ သပြေညွန့်ဘက်သွားရှာရင်းနဲ့မှ အဖော်ပါလာတဲ့တစ်ယောက်က သူ့မိန်းမကို တွန်းမိသွားတာမှာ နင်းခါနီးကြည့်လိုက်တော့ အလောင်းတစ်လောင်းကိုတွေ့တာ။ဖော်ကြည့်လိုက်တော့ ဦးဝင်းဌေးဖြစ်နေတာ။နားထင်မှာ သေနတ်ဒဏ်ရာနဲ့။မြေကိုတိမ်တိမ်လေးမြုပ်သွားလို့ တွေ့တာ၊ မဟုတ်ရင် မတွေ့ဘူး”ဟု တောင်ငူခရိုင်PDF၃၅၀၁တပ်ရင်း တပ်ခွဲ-၂ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မေလ ၂၆ ရက်နေ့၊ နေ့ခင်း ၁၁နာရီခွဲဝန်းကျင်တွင် ဦးဝင်းဌေးနှင့်အတူလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး လူငယ်ကို ညနေ ၆ နာရီ၌ပြန်လွှတ်ပေးခဲ့သည်။
“ကျနောတို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ တပ်ရင်း ၄ ရင်းမှာ ခလရ ၇၃၊ခလရ ၅၉၉ အဲ့ဒီ ၂ ရင်းကိုပဲသိတယ်။ ကျန်၂ရင်းကို မသိရေသးဘူး။စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။တိုက်လေယာဥ်တွေနဲ့ပစ်တယ်၊ဗုံးကြဲတယ်။ရွာတွေမှာနေရင်လည်း စစ်ကြောင်းထိုးတယ်။ကိုယ့်အစုနဲ့ကိုယ် စစ်ရှောင်နေပြန်တော့လည်း ဖမ်းသတ်တာခံရသေးတယ်”ဟု၎င်းကဆိုသည်။
မေလ ၁၀ ရက် ညဦးပိုင်းတွင်လည်း ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ကလေးငယ် ၅ ဦးအပါအဝင် အရပ်သားပြည်သူ ၁၈ ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့သေးသည်။
ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့်လေယာဥ်ဖြင့်ဗုံးကြဲခြင်းများကို မကြာခဏဆိုသလိုပြုလုပ်နေခြင်းကြောင့် ကျေးရွာပေါင်း ၂၄ ရွာမှ အရပ်သားပြည်သူ ၂၅၉၀၂ဦး စစ်ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည်။