လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် နိုင်ငံတကာမှာ တရားစွဲဆိုခံထားရသည့် အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ၎င်းလက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီတပ်သည် မောင်တောခရိုင်ကို ဖြတ်လေးဖြတ် လုပ်ဆောင်ထားကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါမောင်တောဒေသရှိ ဒေသခံပြည်သူအားလုံးကို အကြမ်းဖက်စစ်တပ်က ယခု သြဂုတ်လ ၁၄ ရက်နေ့မှ စတင်ပြီး အစားအသောက်၊ ဆေးဝါးကုသမှုများအပြင် တစ်နေရာမှတစ်နေရာသို့လည်း အသွားအလာကန့်သတ်ပိတ်ဆို့ထားပြီး လူမျိုးတုန်းသတ်ဖြတ်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှ ပြောသည်။
” အပေါ်ဆုံးက အကြီးဆုံးလူက ညွန်ကြားထားတာပါ။ ဆရာတော်ဖြစ်ဖြစ်၊ ဘာသာရေးဆရာဖြစ်ဖြစ်၊ သေမယ့်လူနာဖြစ်ဖြစ် တစ်ယောက်မှ ခွင့်မပြုပေးဖို့ အမိန့်ပေးထားပါတယ်။ ငတ်ပြီးသေသွားကြရင်တော့ ရွာလုံးကျွတ်မီးရှို့ပြီး အလောင်းဖျောက်ဖို့ ညွှန်ကြားထားပါတယ် ” ဟု မောင်တော-အငူမော်ကားလမ်းပေါ်ရှိ မောရဝတီဗျူဟာ(အလယ်သံကျော်)မှ အရာရှိတစ်ဦးက MPA သို့ပြောသည်။
အဆိုပါအငူမော်-မောင်တောကားလမ်းအနီးအပါအဝင် မောင်တောမြောက်ပိုင်းတွင် သြဂုတ်လ ၁၃ ရက်နေ့က ရက္ခိုင်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် အရာရှိစစ်သည် ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့သည်။
ထိုနေ့မှစတင်ပြီး စစ်တွေ-အငူမော်- မောင်တောကားလမ်းအပါအဝင် မောင်တောမြို့နယ်တစ်ခုလုံးကို အသွားအလာကန့်သတ်ပိတ်ဆို့ထားရုံသာမကဘဲ အရေးပေါ်လူနာများအား ဆေးဝါးကုသရန်အတွက်ပါ သွားလာခွင့်မပြုကြောင်း ဒေသခံပြည်သူများက ဆိုသည်။
” ခုက ရွာပြင်တောင်ထွက်ခွင့်မပေးပါ။ ကလေးနေမကောင်းလို့ ဆေးကုဖို့သွားချင်တယ်ဆိုတာတောင် ခွင့်မပြုပါ။ ကျွန်တော်တို့ကိုလည်း အရင်လို ရွာလုံးကျွတ်သတ်ဖြတ်မီးရှို့လိုက်မှာကို ကြောက်နေပါတယ် ” ဟု မောင်တောမြို့နယ်၊ ပန်းတောပြင်ကျေးရွာနေ ရိုဟင်ဂျာတစ်ဦးက MPA သို့ပြောသည်။
ထိုမောင်တောဒေသသို့ အကြမ်းဖက်စစ်တပ်မှ စစ်ရဟတ်ယာဥ်များဖြင့် လက်နက်ရိက္ခာ စစ်သည်အင်အားအများအပြား ဖြည့်တင်းနေပြီး ဒေသခံပြည်သူများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ကန့်သတ်ပိတ်ဆို့ တင်းကျပ်ထားကြောင်း ဒေသခံများက ဆိုသည်။
မောင်တောဒေသမှာ ယခင်ကတည်းက ဝေးလံခေါင်ပါးပြီး ကုန်စျေးနှုန်းများမြင့်သည့်ဒေသဖြစ်ရာ ယခုအချိန်တွင် အခြေခံစားသောက်ကုန်များမှာ စျေးအဆမတန်တက်သွားရုံမက ဝယ်ယူ၍ပင် မရနိုင်တော့သဖြင့် ကျေးရွာအားလုံးနီးပါးမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရပြီဟုလည်း ဒေသခံများက ဆိုသည်။
” ပိုက်ဆံရှိတာတောင်ဝယ်လို့မရဘူး။ ကလေးတွေလည်းငိုယိုနေကြပြီ။ ဒီအတိုင်းဆိုရင်တော့ မကြာခင်ငတ်သေတော့မှာပါ။ ဘယ်မှသွားလို့မရတော့ အကုန်လုံးငတ်သေသွားနိုင်ပါတယ် ” ဟု မောင်တောမြို့နယ်မြောက်ပိုင်းနေ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထိုမောင်တောဒေသတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လကလည်း အကြမ်းဖက်စစ်တပ်က အကြမ်းဖက်လူသတ်၊ မုဒိန်းကျင့်၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီး လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့ဖြင့် ကျေးရွာပေါင်း ၄၀၀ နီးပါးပျက်စီးခဲ့ကာ လူပေါင်းသောင်းချီသေဆုံးခဲ့ပြီး လူပေါင်းသိန်းနှင့်ချီ တဖက်နိုင်ငံသို့ အသက်လုထွက်ပြေးခဲ့ကြရသည်။
” ခု မောင်တောမှာ စစ်တပ်ကလုပ်နေတာတွေက ၂၀၁၇ တုန်းကထက် ပိုဆိုးနေပါတယ်။ အဲဒီတုန်းက မွတ်ဆလင်တွေကိုပဲ ပစ်မှတ်ထားခဲ့တာပါ။ ခုက ဌာနဆိုင်ရာဝန်ထမ်းတွေရော၊ ဒီမှာနေတဲ့ပြည်သူအားလုံးကိုပါ ပစ်မှတ်ထားနေတာပါ ” ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနမှ အရာရှိတစ်ဦးက MPA သို့ပြောသည်။
ထိုမောင်တောဒေသအတွက် အကြမ်းဖက်မီးရှို့သတ်ဖြတ် ဖျက်ဆီးခံထားရသည့် ရိုဟင်ဂျာကျေးရွာများနှင့် အလောင်းများမြှုပ်ထားသည်ဟုဆိုသောနေရာများတွင် အကြမ်းဖက်စခန်းများ၊ တပ်ရင်းများ၊ ဗျူဟာများတည်ဆောက်ထားပြီး ထိုနေရာများမှ နောက်ထပ်လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်ရန် နေ့စဥ်ပြင်ဆင်ကြိုးစားနေပြီး ရိုဟင်ဂျာအချို့ အစာရေစာငတ်မွတ်မှုများနှင့် ကြုံတွေ့နေရပြီးဖြစ်ကြောင်းလည်း MPA က ဆက်သွယ်မေးမြန်းမှုများအပေါ် ဒေသခံများ၏ ပြန်လည်ဖြေကြားချက်များအရ သိရသည်။