By MPA 015
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ ၊ မြို့ဦးရပ်တွင် ယနေ့နံနက် ကိုးနာရီဝန်းကျင်က စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ဝန်ထမ်းအချို့ တိုက်ခိုက်ခံရသည်ဟု သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၁၀ ဦး၊ ရဲ ၁၀ ဦးနှင့် စာရင်းကောက်ခံသူ ဝန်ထမ်း ၆ ဦးတို့ကို အမှတ် ၁၀ တပ်ရင်း၊ ဒေါင်းနက်ရဲခေါင်တပ်စုက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့မှ ရဲဘော်ပေက ဆိုသည်။
“ ဒီရွေးကောက်ပွဲက မတရားတဲ့ ရွေးကောက်ပွဲလေ။ သူတို့လိမ်ညာပြီးလုပ်တဲ့ ရွေးကောက်ပွဲဆိုတော့ ကျနော်တို့အတွက် အဆင်မပြေဘူး။ ကျနော်တို့နိုင်ငံအတွက် ဒီကောင်တွေ အာဏာရ သက်ဆိုးရှည်မှာ စိုးတာ” လို့ ရဲဘော်ပေက အသိပေးသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ ထိတွေ့မှုသည် ဆယ်မိနစ်ကြာဖြစ်ပွားခဲ့ပြီး ထိခိုက်မှု အခြေနေကို မသိရသေးဟု ဆိုသည်။
ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူဦးရေစာရင်းကောက်ခံမှုကို ဇန်နဝါရီ ၁၄ ရက်နေ့က စတင် ကောက်ခံနေခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စစ်ကောင်စီတပ်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မပါဝင်ကြရန် ထုတ်ပြန်ထားသည်။