မိုခါ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် သက်ရောက်မှုများရှိနေသည့်ကြားမှ စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခဲ့ရသော စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့တွင် အုန်းထမင်းကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အညာပစ်တိုင်းထောင်လေးများ အဖွဲ့အနေဖြင့် စစ်ဘေးရှောင် အိမ်ထောင်စု ၁၂၈ စု အား လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။
“ မိုးတအားရွာနေသည့်ကြားမှ အိမ်ထောင်စု ၁၂၈ စုကို လှူဒါန်းပေးနိုင်ခြင်းဖြစ်ပါတယ်။ မိုးကအရမ်းများတော့ ပြည်သူတွေချက်ရေးပြုတ်ရေး အဆင်မပြေတာတွေရှိတယ်။ တချို့ဆို ထင်းတွေမိုးစိုလို့ ထမင်းချက်မရဘူး။ ကျနော်တို့ ကူတာလေးကို ညစာအဖြစ် ချန်ထားကြတယ်ဗျ။ မိုးကလည်း အဆက်မပြတ်ဆိုတော့ သူတို့မှာ သွားလာရေးကအစ အခက်ခဲဖြစ်တာပေါ့။ အိမ်တွေကလည်း ခေါင်ကမလုံ မိုးကမလုံနဲ့ ဒုက္ခတွေဖြစ်နေကြတယ်ဗျ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
အင်အားပြင်းလေမုန်တိုင်းနှင့်စပ်လျဉ်း၍ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ အရှိန်ကြောင့် ယနေ့ ညနေမှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု မိုးဇလက အသိပေးထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်အသိပေးထားသည်။