ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာရှိ PDF သိမ်းပိုက်ထားသော တပ်စခန်း ပြန်လည် ရရှိရေးအတွက် စစ်ကောင်စီတပ်က ကြိုးစားနေကြောင်း သိရသည်။
သရက်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို ဧပြီ ၁၅ရက်၊ ညနေ ၄နာရီ ၄၅မိနစ်ခန့်တွင် MDY PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့(ဧပြီ ၁၉ရက်)အထိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စခန်းပြန်ရရေးအတွက် ကြိုးစားနေကြောင်း MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပြောသည်။
“ ပြန်ရဖို့ ကြိုးစားနေတာတော့ရှိပါတယ်။ လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ ထိန်းချုပ်ထားဆဲပါ။ လတ်တလောတော့ လက်နက်ကြီးနဲ့ ပစ်တာမျိုးပဲရှိတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့အခြေစိုက်ရာ အမ္မခါးရွာ၊ သဲခေါ်ရွာနှင့် ဘန့်ဘွေးရွာတို့မှ သရက်ကုန်းရွာသို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အတွက် သရက်ကုန်းကျေးရွာနှင့်အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။
“ ရွာတွေကဒေသခံတွေအကုန်လုံး ထွက်ပြေးတိမ်းရှောင်ကြပြီဆိုတော့ အခု လောလောဆယ် ဆက်သွယ်လို့မရသေးဘူး။ အခုလက်ရှိအချိန်ထိ လက်နက်ကြီးထိလို့ သေဆုံးသွားတဲ့ ပြည်သူ ၅ဦးရှိတယ်” ဟု နောင်ချိုဒေသခံတစ်ဦးကပြောသည်။
သရက်ကုန်းကျေးရွာစခန်းသိမ်းတိုက်ပွဲမှ လက်နက်ငယ် ၄၀ ကျော်၊၆၀(မမ) ၂လက်၊ Drone Jammer နှစ်ခုအပြင် ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း MDY PDF က ထုတ်ပြန်ထားသည်။
သရက်ကုန်းကျေးရွာရှိ ဘာသာရေးအဆောက်အအုံ၊ စေတီနှင့်စာသင်ကျောင်းတို့ တွင် စစ်တပ်က ခံစစ်အခိုင်အမာပြင်ကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။
သရက်ကုန်းကျေးရွာစခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်သား၂၁ဦး၏ အလောင်းကို တွေ့ရှိခဲ့ပြီး MDY PDF ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။