ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ PDF စခန်းကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ခဲယမ်းနှင့်စစ်အသုံးအဆောင် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၅၀၀ခန့် ဆုံးရှုံးသွားကြောင်း PDF သတင်းရင်းမြစ်ထံကသိရသည်။
မတ်လ ၂၆ ရက်၊ နေ့ခင်းတွင် ပေါက်ခေါင်းမြို့နယ်၊ အင်တိုင်းကုန်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်းက ပြည်ခရိုင် ၃၆၀၂ တပ်ရင်း၊နွေဦးတပ်ခွဲ၏ ရှေ့တန်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့သိန်း၁၅၀၀ဖိုးလောက်ဆုံးရှုံးမှုရှိပါတယ်။အတိအကျ တွက်ချက်ထားတာတော့ မဟုတ် ပါဘူး။ရဲဘော် ၂ ဦးက စခန်းကို စစ်ကြောင်းဝင်စီးချိန် ခုခံရင်း သူတို့ ၂ ယောက်ကြား လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ်လို့သိရတယ်ဗျ။နောက်ဆက်တွဲသတင်းတွေကတော့ လုံခြုံရေးအခြေအ နေကြောင့် မသိရသေးပါဘူး”ဟု ပြည်ခရိုင်- ၃၆၀၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းစစ်ကြောင်းသည် အင်တိုင်းကုန်းရွာသို့ မတ်လ ၂၄ရက်တွင် ရောက်ရှိခဲ့ပြီး ရွာထဲရှိ အိမ်၂လုံးကို မီးရှို့ကာ ဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့ကြောင်းသိရသည်။
“၂၅ ရက်နေ့မှာ အဲ့ဒီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့စစ်သားတွေကို ဝင်ပစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်သားတွေက ရွာပြင်ပြန်ထွက်တယ်။နေ့လယ်ပိုင်းမှာ အင်အားထပ်တိုးပြီး ရိုးထဲဝင်ပြီး စခန်းဝင်စီးတော့တာ” ဟု PDF နှင့် နီးစပ်သော ဒေသခံတစ်ဦးကပြောသည်။
စစ်တပ် ဝင်ရောက်စီးနင်းသည့် PDF စခန်းမှAK 47 ၁ လက်၊M16 ၁လက်၊ M4-16 ကာဘိုင် ၁လက်၊လက်လုပ် ၄၀ (မမ) ၁လက်၊လက်လုပ် ၁၂ ဗို့ ၁လက်၊ကျည်အိမ်မျိုးစုံ ၃ ခု၊လက်လုပ်မိုင်း ၇ လုံး၊ကျည်မျိုးစုံ-၁၀၅ တောင့်၊PDFဘက်တံဆိပ်ပါဝတ်စုံ ၁၀ စုံ၊ပြောက်ကျားဦးထုပ် ၂ လုံးနှင့် စကားပြောစက် ၁ လုံးတို့ကိုသိမ်းဆည်းရမိကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်အချို့က ဖော်ပြထားသည်။
စစ်တပ်က သိမ်းဆည်းသွားသည့် လက်နက်ခဲယမ်းအရေအတွက်ကို ပြည်ခရိုင်- ၃၆၀၂ တပ်ရင်း က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။