စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ ဥပဒေအတည်ပြုပြီးနောက် KNDFနှင့် BPLAက တပ်သားသစ်များ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစတင်ပြီး “ ပြည်သူ့ စစ်မှုထမ်းဥပဒေ” အရ မြန်မာနိုင်ငံရှိ အမျိုးသား အသက်၁၈နှစ်မှ ၃၅နှစ် အတွင်းနှင့် အမျိုးသမီး အသက်၁၈နှစ်မှ ၂၇နှစ်အရွယ်ပြည်သူများကို မဖြစ်မနေစစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာသူများကို အများဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅နှစ်အထိအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ယင်းဥပဒေပြဌာန်းခြင်းသည် လူငယ်များအား စစ်ကောင်စီတပ်က ကြားနေခွင့်မပြုဘဲ တော်လှန်ရေးထဲဝင်ပြီး စစ်တပ်ကို အမြစ်ဖြတ်မလားနှင့် စစ်ကောင်စီတပ်နှင့်ပေါင်းကာ ပြည်သူကိုပြန်တိုက်မလားဟု ရွေးချယ်ရန်တွန်းအားပေးနေခြင်းဖြစ်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကပြောသည်။
“ စစ်တပ်ဟာ စစ်ရေးအရ အရေးနိမ့်လာတဲ့ဒေသတွေရှိနေပြီး အင်အားပြုန်းတီးမှုတွေ နေ့စဥ်နဲ့အမျှဖြစ်နေတဲ့အတွက် ဒီစစ်မှုထမ်းဥပဒေကို ထုတ်ပြန်လာခဲ့တယ်လိုထင်ပါတယ်။ လက်ရှိကာလမှာ ရွေးချယ်စရာ တော်လှန်ရေးတပ်တွေ အများကြီးရှိနေပြီဖြစ်လို့ ကိုယ်သွားချင်တဲ့ပုံစံနဲ့ကိုက်ညီမယ့် တပ်ဖွဲကို သေချာရွေးချယ်ပြီး ဝင်ရောက်ကြဖို မေတ္တာရပ်ခံလိုပါတယ်။ ကျတော်တို့ BPLA ကိုလာမယ်ဆိုရင်လည်း ကြိုဆိုပါတယ်ခင်ဗျ” ဟု BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကပြောသည်။
ထို့ကြောင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)အနေဖြင့် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေခြင်းဖြစ်ပြီး BPLA Page Messenger သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်မှ မဖြစ်မနေစစ်မှုထမ်းဥပဒေပြဌာန်းခြင်းသည် စစ်ကောင်စီတပ်ကျဆုံးတော့မည့်အချိန်တွင် ပြည်သူများအား ၎င်းတို့နှင့်အတူ ကျဆုံးရန် ဒုက္ခဆင်းရဲတွင်းသို့ ခေါ်ယူနေခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။
“ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ချောက်ထဲကို သူနဲ့အတူတူကျသွားဖို့မလိုလားတဲ့ ကျတော်တို့ရဲ့ပြည်သူလူထုတွေကတော့ ချောက်ကမ်းပါးပေါ်ကနေနေပြီးတော့မှ သူ့ကိုဝိုင်းတွန်း၊ ဝိုင်းကန်ချနေတဲ့အဖွဲ့အစည်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ပါဝင်ပြီးတော့ ဒီအကြမ်းဖက်စစ်တပ် တစ်ခုလုံး ချောက်ထဲကျသွားဖို့ ကျတော်တို့လူ့အဖွဲ့အစည်းမှာမရှိတော့ဖို့ ဝိုင်းဝန်းပြီး ကျတော်တို့လုပ်ဆောင်ကြရအောင်လို့ပဲပြောချင်ပါတယ်” ဟု KNDF၏ ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။
လက်ရှိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အနေဖြင့် စစ်ရေးလိုအပ်ချက်များအရ ဗျုဟာ အမှတ် ၇ ကိုထပ်တိုးဖွဲ့စည်းနေပြီး ဒေသခံပြည်သူများအနေဖြင့် KNDFသို့ ဆက်သွယ်ကာ တော်လှန်ရေးတွင် ပါဝင်ထမ်းဆောင်နိုင်ကြောင်း KNDF၏ ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ်က စစ်အစိုးရမှ ထုတ်ပြန်ခဲ့သည့် “ပြည်သူ့ စစ်မှုထမ်းဥပဒေ” ကို အာဏာသိမ်းစစ်တပ်မှ ယခုနှစ်၊ဖေဖော်ဝါရီ ၁၀ရက်နေ့မှ စတင်ကျင့်သုံးနေခြင်းကြောင့် ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း MPAက စုံစမ်းသိရှိရသည်။