ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အစပ်ဖြစ်သည့် ချောင်းနှစ်ခွကျေးရွာအနီးဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်များအကြား ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ချောင်းနှစ်ခွတံတားဂိတ်နှင့် ချောင်းနှစ်ခွ နယ်မြေရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။
အဆိုပါ ချောင်းနှစ်ခွဂိတ်နှင့် ချောင်းနှစ်ခွနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၁ ရက်က စတင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ယနေ့တိုင်တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအများ အပြားရှိနေကြောင်း နီးစပ်ရာသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
“ ကြားအင်းဆိပ်ကြီးအနီး ချောင်းနှစ်ခွ၊ နှစ်ဖက်ပစ်ခတ်မှုဖြစ်စဥ်က အချက်အလက် အသေးစိတ် မသိရသေးပါဘူး။ ကျွန်တော်တို့ သိရရင်သတင်းထုတ်ပြန်ပေးပါမယ်” ဟု KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိုင်ပြုလုပ်ခဲ့ခြင်း ကြောင့် ဒေသခံပြည်သူအချို့လည်း ထိခိုက်သေဆုံးမှုရှိနေသည့်အပြင် လူနေအိမ်များလည်း ထိခိုက်ပျက် စီးသွားကြောင်း သိရသည်။
“ ဒီဘက်မှာလည်း စကစဘက်က လက်နက်ကြီးတွေနဲ့ ပစ်ထုတ်နေတယ်။ သူတို့က drone မြင်တာနဲ့ ကြောက်ပြီး လိုက်ပစ်နေတာလေ။ မနေ့ကဆိုလည်း ကြာအင်းဘက်ကို အသားကုန်ပစ်နေတယ်။ အခုက တော့ ကျိုက်မရောဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ကြားတယ်” ဟု ကော့ကရိတ်မြို့တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့ညပိုင်းတွင်လည်း စစ်ကောင်စီ၏ ကျိုက်မရော (၂၀၈) တပ်မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်လျက်ရှိနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိဖြင့်သွားလာနေ ထိုင်ကြရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကသတိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းလည်း ချောင်းနှစ်ခွတံတားဂိတ်နှင့် စစ်ကောင်စီရဲစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF တို့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီး ခဲ့သေးသည်။