မဲဆောက်တွင် ဆေးလာကုသည့် PDF ရဲဘော်သုံးဦးကို ထိုင်းလ၀က က ဖမ်းဆီးကာ BGF ထံသို့ ပြန်လည်ပို့ဆောင်သဖြင့် လက်ရှိ စစ်ကောင်စီထံတွင်ဖမ်းဆီးခံနေရကြောင်းကို ယင်းအရေးလိုက်ပါကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါ ရဲဘော်သုံးဦးသည် ဧပြီလ ၁ ရက်နေ့တွင် ဆေးခန်းသွားပြသည့်အချိန်တွင် လမ်းမှားကာ ဘန်ကောက်သွားသည့်လမ်းရှိ စစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ထိုင်းလ၀က၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ဧပြီလ ၁ ရက်နေ့မှာ လမ်းမှားပြီး ဂိတ်ကိုဖြတ်တော့ တောမောင်း (လ၀က) တွေက ဖမ်းပြီး တောမောင်းရုံးကို ပို့လိုက်တယ်။ ဒီဘက်က အဖွဲ့စည်းတွေကလည်း လိုက်လံကူညီဆောင်ရွက်ပေးတာကို မနက်ဖြန်မှလာပါဆိုတဲ့အတွက်ကြောင့် နောက်တစ်နေ့ သွားတဲ့အချိန်မှာ နံနက်အစောကြီးက လွတ်ပေးလိုက်တယ်လို့ ပြန်ပြောတယ်။ ဧပြီ ၄ ရက်နေ့ နံနက်“ ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
ထိုင်းလ၀က ဖမ်းဆီးကာ BGF ထံကို ပြန်ပို့သည့် PDF ရဲဘော်များမှာ ကိုသီဟ ( ၃၈ )၊ ထက်နေဝန်း ( ၃၁) နှစ်၊ စောဖြိုးလေး (၂၆) နှစ်တို့ဖြစ်ပြီး ယင်းတို့မှာ စစ်ကောင်စီလက်ထဲတွင် ဖမ်းဆီးထားခံရပြီး မည်သည့်နေရာကို ရောက်ရှိနေသည်ကို MPA က စုံစမ်းလျက်ရှိသည်။
“ နံနက် ၈ နာရီ ၀န်းကျင်လောက်က မြန်မာဘက်ခြမ်း အင်ကြင်းမြိုင် BGF ဂိတ်နားမှာ လူသုံးယောက်ကို သေနတ်တွေနဲ့ ပစ်သံကြားရတယ်”ဟု မြန်မာဘက်ခြမ်း အင်ဂျင်းမြိုင် BGF ဂိတ်နားနေထိုင်သူများက အတည်ပြုသည်။
ထိုင်းလ၀က ဖမ်းဆီးကာ BGF ထံကို ပြန်ပို့သည့် PDF ရဲဘော်များမှာ မြန်မာဘက်ခြမ်း အင်ကြာင်းမြိုင် BGF ဂိတ်အနားတွင် ထွက်ပြေးရန် ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခြင်းပြီး ဖမ်းဆီးခံရသူနှစ်ဦးမှာ သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ယင်းတို့၏ အရေးလိုက်ပါကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
“ ဧပြီ ၄ ရက်နေ့ ကေ့စ်က သုံးဦးမှာ နှစ်ဦးက သေနတ်ဒဏ်ရာရတယ်။တစ်ဦးက ရင်ဘက်ထိတယ်။ တစ်ဦးက ပေါင်ထိတယ်။ BGF ဗိုလ်မှူးနိုင်မောင်ဇော်က ခေါင်းအမည်းတွေစွပ်ပြီး ပြန်လည်ဖမ်းခေါ်သွားပြီးတော့ ည ၁၁ လောက်မှာ စကစလက်ထဲ အပ်လိုက်တယ်”ဟု BGF နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း ထိုင်းရဲနှင့် လ၀က (တောမောင်း)များက ရွေ့ပြောင်းနေထိုင်သူများကို အဖမ်းအဆီးများလာပြီး တစ်ချို့ဖမ်းဆီးခံရသူများသည် မြန်မာဘက်ခြမ်း (BGF) သို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်လျက်က်ရှိကြောင်း သိရသည်။
ယင်းသို့ အဖမ်းအဆီးများလာသည့်အတွက် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မဲဆောင်မြို့တွင် သွားလာလှုပ်ရှားရာတွင် သတိထားသွားလာရန်နှင့် လုံခြုံရေးကို သတိထားကြရန် မြန်မာရွေ့ပြောင်းနေထိုင်သူများ အရေးလိုက်ပါဆောင်ရွက်သည့် အဖွဲ့များက သတိပေးထားကြောင်း သိရသည်။