ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ် တာဝိုင်တိုင်ကျေးရွာ၌ ပိတ်မိနေသော စစ်တပ် PDF များလစ်ပြီအထင်ဖြင့် ဝိုင်းရဲစခန်းသို့ ပြန်အဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် PDF များပိတ်ဆို့ထားသည့် တာဝိုင်တိုင်ကျေးရွာမှ ဂမုန်းဆည်ဘောင်ခြေရင်းအတိုင်း ပြန်ဆင်းလာသည့် အင်အား ၃၅ ဦးဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဆည်နှင့် ၂ ဖာလုံအကွာ၌ ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ထံကသိရသည်။
“တာဝါတိုင်ရွာထိပ် ဦးသော်တဲ ကနေတစ်ဆင့်ဂမုန်းဆည်ဘောင်ရင်းက ဆင်းလာတဲ့ စစ်ကြောင်းကို ဆည်နဲ့ ၂ ဖါလုံလောက်အကွာမှာ မိုင်းဆွဲတာ။ကျနော်တို့ စောင့်ကြည့်နေတဲ့ အလစ်မှာ လစ်ပြီဆိုပြီး ဆင်းတာ။သူတို့ဆီ စစ်ကူလည်းမလာတော့ ရိက္ခာပြတ်ပြီထင်တယ်။ကျနော်တို့က ကြိုသိလို့ မိုင်းတွေထောင်ထားတာ။အဲ့မှာ မိုင်းဆွဲခံရတော့တာပဲ။၁၅ မိနစ်လောက် ပြန်ပစ်တယ်။လက်နက်ကြီး နဲ့ ၂ ချက်ပစ်တယ်။ ပြီးတော့ ပြေးတော့တာပဲ။ပုခက်နဲ့ သေတဲ့ကောင်နဲ့ ဒဏ်ရာရတဲ့ကောင်တွေကို သယ်သွားတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) မှ ဗိုလ်တောက်တဲ့ ကပြောသည်။
ယင်း စစ်ကြောင်းသည် ရဲနှင့်စစ်သား အင်အား ၄၀ ဝန်းကျင်ရှိ ဝိုင်းရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး သေဆုံးစစ်သားကို အမိန့်ပြန်နေကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၂၆ ရက်နေ့ကလည်း တာဝိုင်တိုင်ကျေးရွာသို့ရောက်ရှိ တပ်စွဲနေသော ယင်းစစ်ကြောင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)နှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီးသွားရောက်ပစ်ခတ်ခဲ့သေးသည်။